BBC navigation

ကယ်ဆယ်ရေး စီမံကိန်းသဘောတူချက်ကို ဆိုက်ပရပ်စ် သမ္မတ ကာကွယ်ပြော

နောက်ဆုံး ရေးသားချိန် 26 မတ်လ 2013 - 01:11 GMT

လက်ရှိအခြေအနေအရ အကောင်းဆုံးနည်းကို ရွေးခဲ့တာ ဖြစ်တယ်လို့ ဆိုက်ပရပ်စ် သမ္မတပြော

ဆိုက်ပရပ်စ် သမ္မတ နီကော့စ် အနက်စတာ ဆီးယာဒက်စ် က ဆိုက်ပရပ်စ် ဘဏ်စနစ် ပြိုပျက်မသွားအောင် တားဆီးဖို့လုပ်ရတဲ့ ငွေကြေးကယ်ဆယ်ရေး စီမံကိန်း သဘောတူချက်နဲ့ ပတ်သက်လို့ ကာကွယ် ပြောကြားလိုက်ပါတယ်။

ဥရောပ ဗဟိုဘဏ်၊ ဥရောပ သမဂ္ဂ၊ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့တို့နဲ့ သဘောတူချက်ရဖို့ ဘရပ်ဆဲလ်စ်မြို့မှာ စေ့စပ် ညှိနှိုင်းခဲ့တဲ့ မစ္စတာ အနက်စတာ ဆီးယာဒက်စ် က ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ဆိုက်ပရပ်စ်နိုင်ငံရဲ့ စီးပွားရေးစနစ်ကြီး ပြိုပျက်လုဆဲဆဲ အခုလို အခြေအနေမျိုးမှာ ရွေးချယ် ဆောင်ရွက်ရတဲ့ နည်းတွေက သိပ်မလွယ်လှကြောင်း၊ဒါပေမယ့်လည်း လက်ရှိ အခြေအနေအရ ဒါဟာ အကောင်းဆုံးနည်း ဖြစ်ကြောင်း ပြောသွားပါတယ်။

ဒီသဘောတူချက်အရ ဘဏ်မှာ ငွေအနည်းအပါး စုဆောင်းထားရှိသူတွေကို အကာအကွယ်ပေးမှာ ဖြစ်ပေမယ့် ယူရို တသိန်းကျော် ထားထားသူတွေ အထူးသဖြင့် အတော်များများက ရုရှား လူမျိုးဖြစ်ကြပြီး သူတို့တွေကတော့ အကြီးအကျယ် ဆုံးရှုံး နစ်နာမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘဏ်တွေကို နဂို စီစဉ်ထားသလို ဒီကနေ့ အင်္ဂါနေ့မှာ ဖွင့်ဖြစ်မှာ မဟုတ်ကြောင်းနဲ့ ကြာသပတေးနေ့အထိ ပိတ်ထားမှာ ဖြစ်ကြောင်း ဆိုက်ပရပ်စ် အာဏာပိုင်တွေက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။