ဂိုလန်တောင်ကုန်းပေါ် ဆီးရီးယားတပ်တွေ ကျွံလာမှာ ကုလ စိုးရိမ်

  • 28 မတ် 2013
Image caption အလက်ပို မြို့ထဲ အစိုးရ တပ်တွေ ချီတက်လာ

ဆီးရီးယားမှာ ဓါတု လက်နက်တွေသုံးပြီး တိုက်ခိုက်နေတယ် ဆိုတဲ့ စွပ်စွဲမှုတွေ အပေါ် စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂက စေလွှတ်လိုက်တဲ့ အဖွဲ့ ခေါင်းဆောင် ဆွီဒင် သိပ္ပံ ပညာရှင်က ဘယ်သူမှာ တာဝန် ရှိသလဲ ဆိုတာကို ဖော်ထုတ်ဖို့ သူတို့အဖွဲ့က ကြိုးစားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အခုလ အစောပိုင်း တုန်းက Aleppo မြို့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဆီးရီးယားမှာ ရောက်နေတဲ့ သိပ္ပံပညာရှင် အိုက်ခ် ဆဲလ်စတော်မ်က ဘီဘီစီကို ရှင်းပြရာမှာ ဒီကိစ္စဟာ အငြင်းပွားစရာ ဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကျွန်တော်တို့ အဖွဲ့ကို တာဝန်ပေးလိုက်တာဟာ အချက်အလက်တွေ စုဆောင်း ရယူဖို့သာ ဖြစ်ပြီး ဘယ်သူက အမိန့်ပေးတာ ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ကို ချင့်ချိန် ဆုံးဖြတ်ရမယ့် တာဝန် မပါဘူးလို့ မစ္စတာ အိုက်ခ် ဆယ်လ်စတော်မ် က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှု ဖြစ်ခဲ့တုန်းက ရွာတရွာကို အဆိပ်ဓါတ်ငွေ့ပါ ရော့ကတ် လောင်ချာ တလုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား အစိုးရနဲ့ လက်နက်ကိုင် သူပုန်တွေ တဖက်ကို တဖက် အပြစ်ပုံချခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူအယောက် နှစ်ဆယ် သေဆုံးခဲ့ပေမယ့် ဓါတု လက်နက်တွေ သုံးစွဲမှု ရှိလား ဆိုတဲ့ အပေါ် သံသယ မကင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဆီးရီးယား က လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး သူတို့ အဖွဲ့ဟာ အခု သီတင်းပတ် အစောပိုင်းလောက်မှာ စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ် လုပ်ဆောင် သွားမယ်လို့ မစ္စတာ ဆဲလ် စတော်မ်က ပြောပါတယ်။

Image caption ကုလသမဂ္ဂ စိုးရိမ်နေတဲ့ ဂိုလန် တောင်ကုန်းဒေသ

တခါ တခြား ဆီးရီးယား နဲ့ ဆိုင်တဲ့ သတင်းတပုဒ်ကို ပြောရမယ် ဆိုရင် နှစ်ပေါင်း လေးဆယ်ကျော် အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂိုလန် ကုန်းမြင့် ဒေသကို ဆီးရီးယား အစိုးရနဲ့ သူပုန်တပ်တွေ နှစ်ဖက်လုံးက နေရာယူလာကြမှာကို အလွန်အမင်း စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အဲဒီ ဒေသ လုံခြုံရေးနဲ့ ၊ အစ္စရေးနဲ့ ဆီးရီးယား ကြား အပစ်ရပ်ရေး သဘောတူထားတဲ့ နေရာကို လေ့လာ စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂ တပ်ဖွဲ့တွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ လုံခြုံရေး ကောင်စီက ပန်ကြားလိုက်ပါတယ်။

ဆီးရီးယား ပဋိပက္ခက အဲဒီ ဒေသဆီကိုထိ ပြန့်နှံလာတာကြောင့် ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့ သူတို့နဲ့ သက်ဆိုင်တဲ့ အဆောက်အဦ တွေကိုပါ ပစ်မှတ်ထား ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းတုန်းကလည်း ကုလသမဂ္ဂ တပ်ဖွဲ့ဝင် အယောက် နှစ်ဆယ်ကို ဆီးရီးယား လက်နက်ကိုင် သူပုန်တွေက ဖမ်းဆီး ထိန်းသိမ်းကာ ရက်အနည်းငယ် အတွင်း ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။