တိဘက်မှာ မြေပြိုလို့ မိုင်းလုပ်သားတွေ ပိတ်မိနေ

  • 29 မတ် 2013
Image caption Lhasa မြို့က လှပတဲ့ တနေရာ

တိဘက် မြို့တော် Lhasa လာဆာမှာ မြေပြိုမှု ဖြစ်ခဲ့လို့ ပိတ်မိနေတဲ့ မိုင်းတွင်း လုပ်သား ၈၃ယောက်ကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေက ကြိုးစားနေကြတယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်း အယောက် တထောင်ကျော်ကို အခင်းဖြစ်တဲ့ နေရာ မီတာ လေးထောင် ခြောက်ရာ အမြင့်ကို စေလွှတ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒေသန္တရ ဆေးရုံမှာ ဆရာဝန်တွေ အပြည့်နဲ့ အဆင်သင့် လုပ်ပေး ထားတယ်လို့ သိရပါတယ်။

မိုင်းလုပ်သားတွေ အိပ်တဲ့ တဲ့တွေ အပါအဝင် ကျယ်ပြန့်တဲ့ မြေဧရိယာကြီး တခုလုံး ပြိုသွားတာ ဖြစ်တယ်လို့ အစိုးရ ရုပ်မြင်သံကြား သတင်းမှာ ဖော်ပြထား ပါတယ်။

တရုတ်ရဲ့ အကြီးဆုံး ရွှေတူးဖော်တဲ့ ကုမ္ပဏီရဲ့ လက်ခွဲ တခုက လာရောက် လုပ်ကိုင်ကြတဲ့ ဒီမိုင်း လုပ်သား တွေဟာ ဟန်တရုတ် တွေက အများစု ဖြစ်ပြီး တိဘက် လူမျိုး နှစ်ယောက်သာ ပါတာ ဖြစ်ပါတယ်။

ခုနောက်ဆုံး ဝင်လာတဲ့ သတင်းတွေ အရ ဒီမိုင်းတွင်း လုပ်သားတွေကို အသက်ရှင်လျက် ကယ်ထုတ် နိုင်ဖို့ မျှော်လင့်ချက် သိပ်မရှိဘူးလို့ သိရပါတယ်။