ကင်ညာ သမ္မတ သစ် နဲ့ ရှေ့ရေး

  • 31 မတ် 2013
kenyatta
Image caption မစ္စတာ အိုဟူရူ ကင်ညက်တာ ရွေးကောက်ပွဲ ရလာဒ် အောင်ပွဲ ခံစဉ်

ကင်ညာ သမ္မတ ရွေးကောက်ပွဲရလာဒ် တွေ မှာ မဲညစ်တာတွေရှိတယ် ပြန်လည်စိစစ်ပေးဖို့ ပြိုင်ဘက် သမ္မတ လောင်း လိုင်လာ အိုဒင်းဂါး က တရားရုံးချုပ် ကို တင်ပြပြီးတဲ့ နောက် အခုတော့ အရင်ထွက်လာခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ် အတိုင်း မစ္စတာ အူဟူရူ ကင်ညက်တာ အနိုင် ရတယ် လို့ တရားရုံးချုပ် က ဆုံးဖြတ် လိုက်ပါတယ်။

သည်ဟိတ် မှာ ရှိတဲ့ နိုင်ငံတကာ ရာဇဝတ်များတရားရုံး ICC က လူအမြောက်အများ ကို သေကြေစေတဲ့အမှု Crime against Humanity စွဲချက် တွေ နဲ့ ရင်ဆိုင်နေရတဲ့ မစ္စတာ အူဟူရူ ကင်ညက်တာ တယောက် သမ္မတ ဖြစ်လာ တာပါ။

ပြီးခဲ့တဲ့ ၂၀၀၇ သမ္မတ ရွေးကောက်ပွဲ အပြီး သမ္မတလောင်း ထောက်ခံသူတွေ အကြား တဖက်နဲ့တဖက် အကြမ်းဖက် တာတွေ ကြောင့် လူပေါင်း တထောင်ကျော် အသက်ဆုံးခဲ့ရပါတယ်။

လူပေါင်း ၆ သိန်း ကျော်ဟာ လည်း ကိုယ် နေထိုင်ရာ အိုးအိမ်တွေ ကနေ စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အဲဒီ အရေးမှာ မစ္စတာ ကင်ညက်တာ က လှုံဆော်သူ အဖြစ် ပါဝင်ပတ်သက် ခဲ့တယ် လို့ စွပ်စွဲထားကြတာပါ။

ဒါကြောင့်မို့ နိုင်ငံ ပြင်ပ က လူအများအပြား က သူ သမ္မတ အရွေးခံ ရ လိမ့်မယ် လို့ ထင်မထား ကြပါဘူး။

အခု ရွေးကောက်ပွဲမှာတော့ အကြမ်းဖက်မှုတွေ သိတ်ဆိုးဆိုးရွားရွား မရှိခဲ့ပါဘူး။

ကင်ညာ သမိုင်းမှာ ရွေးကောက်ပွဲအတွက် မဲအများဆုံး ထွက်ပေးကြတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

မဲပေးခွင့်ရှိသူ ၈၀ ရာခိုင်နှုန်း ကျော် မဲထွက်ပေးခဲ့ကြတဲ့ ရွေးကောက်ပွဲ ပါ။

အခု သမ္မတ ကင်ညက်တာ ဟာ ကင်ညာ နိုင်ငံ ထူထောင်သူ ဂျိုမို ကင်ညာတာ ရဲ့ သားပါ။

၁၉၆၁ မှာ မွေးဖွားခဲ့တဲ့သူ ဟာ ၁၉၉၀ နှစ်မှာတော့ ကင်ညာ နိုင်ငံရေး ထဲ ဝင်လာ ခဲ့ပါတယ်။

သူ သမ္မတ ဖြစ်လာပြီးတဲ့နောက် သည်ဟိတ် တရားရုံးမှာ သွားအမှုဆိုင်ရ မယ့် ကိစ္စ အပြင် ကင်ညာ နိုင်ငံ့ အရေး ကိုယ်တွယ် ရမှာ ကလည်း အများအပြား ပါ။

အလုပ်လက်မဲ့နှုန်း က ၄၀ရာခိုင်နှုန်း ကျော်နေတယ်။

နေ့စဉ် စားဝတ်နေရေး အတွက် အသုံးစားရိတ်တွေ ကလည်း ခေါင်ခိုက် အောင်တက်နေ တဲ့အပြင် လုံခြုံစိတ်ချ စွာ နေနိုင်ရေး က လည်း စိုးရိမ် နေရတဲ့ အနေအထား ပါ။

နောက်တခု က မြေယာပိုင်ဆိုင်မှု ပြဿနာ နဲ့ မြေမဲ့ လယ်သမား တွေ ရဲ့ အရေး ပါ။

သမ္မတ ကင်ညာတာ ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်းမှာ ကင်ညာ ပြည်သူ တွေ ရဲ့ ချမ်းသာ ကြွယ်၀ လာရေး ဟာ မြေယာ ပိုင်ဆိုင်မှု နဲ့ မြေယာ ကို အသုံးချ နိုင်ခွင့် တို့အပေါ် မူတည် နေတယ် လို့ ရေးသား ထားပါတယ်။

သူနဲ့ သူ့မိသားစုတွေ က ကင်ညာ နိုင်ငံတလွှားမှာ ပိုင်ဆိုင်ထားတဲ့ မြေယာ တွေ ကလည်း အများအပြားဆိုတော့ ဒီ မြေယာ အရေး ကို သူ ဘယ်လို ကိုင်တွယ်မှာ လည်း ဆိုတာ ကလည်း အများ က စိတ်ဝင်တစား ကြည့် တဲ့ အထဲမှာ တခု အပါအဝင် ဖြစ်နေပါတယ်။