ဆိုက်ပရပ်စ် ဘဏ္ဍာရေး ဝန်ကြီး ရာထူးက နုတ်ထွက်

Image caption မစ္စတာ Sarris ကို ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ပြီးခဲ့တဲ့ တလ မပြည့်ခင် ကမှ ခန့်အပ် ထားတာ ဖြစ်ပါတယ်

ဆိုက်ပရပ်စ် နိုင်ငံဟာ ကယ်ဆယ်ရေး ကူညီငွေ ရရှိဖို့ အတွက် ဘဏ္ဍာရေး ဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်း တွေကို လက်ခံ လိုက်ရပြီး နောက်၊ ရက်ပိုင်း အတွင်း မှာပဲ ဆိုက်ပရပ်စ် ဘဏ္ဍာရေး ဝန်ကြီး Michalis Sarris ဟာ ရာထူးက နှုတ်ထွက် သွားပါတယ်။

နိုင်ငံ တကာ ကူညီငွေ ရရှိရေး သဘော တူညီမှု ပြုလုပ် လိုက်တာကြောင့် ဆိုက်ပရပ်စ် နိုင်ငံဟာ ဒေဝါလီ ခံရမယ့် အဖြစ်နဲ့ ယူရိုဇုန် ကနေ ထွက်ရမယ့် အခြေ အနေ ကနေ လမ်းလွှဲ နိုင်ခဲ့ ပါတယ်။

မစ္စတာ Sarris ကို ဘဏ္ဍာရေး အကျပ် အတည်း ဘာကြောင့် ဖြစ်ရတယ် ဆိုတာကို စုံစမ်း စစ်ဆေး ရာမှာ ကူညီဖို့ အတွက်၊ ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ပြီးခဲ့တဲ့ တလ မပြည့်ခင် ကမှ ခန့်အပ် ထားတာ ဖြစ်ပါတယ်။

သူဟာ ဆိုက်ပရပ်စ် နိုင်ငံက ဒုတိယ အကြီးဆုံး ဘဏ်ကြီး ဖြစ်တဲ့ Laiki ဘဏ်ရဲ့ ဥက္ကဌ အဖြစ်လည်း တာဝန် ယူခဲ့ ဖူးသူ ဖြစ်ပါတယ်။

အစောပိုင်း တုန်းကတော့ စုံစမ်း စစ်ဆေး မှုတွေ လုပ်ဖို့ တရား သူကြီး သုံးဦးကို ခန့်အပ် ခဲ့ပြီး၊ စုံစမ်း စစ်ဆေးမှု ကာလ အတွင်း မစ္စတာ Sarris ဟာ စောင့်ကြည့် ခံရဖို့ရှိ နေပါတယ်။

မစ္စတာ Sarrisရဲ့ နေရာကို အလုပ် သမား ဝန်ကြီးနဲ့ အစားထိုး ခန့်အပ်မှာ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။