မြောက်ကိုးရီးယားကို အမေရိကန် သတိပေး

  • 3 ဧပြီ 2013
Image caption မြောက်ကိုးရီးယားရဲ့ လုပ်ရပ်ဟာ ရန်စတဲ့ လုပ်ရပ်လို့ အမေရိကန် သတိပေး

မြောက်ကိုးရီးယား အစိုးရက ရပ်ထားတဲ့ နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံတခုကို ပြန်လည်ပတ်မယ်လို့ ထုတ်ဖေါ် ကြေညာခဲ့ အပြီးမှာ မြောက်ကိုးရီးယားကို ဝိုင်းထိန်းကြဖို့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ကို အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းကပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က မြောက်ကိုးရီးယားရဲ့ လုပ်ရပ်ဟာ ရန်စတဲ့ လုပ်ရပ်ဖြစ်ပြီး အတော်စိုးရိမ်စရာကောင်းတယ်လို့ ပြောသွားပါတယ်။

တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ယွန်ဗြန်ဆီ နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ John Kerry က ဒီလုပ်ရပ်ဟာ အန္တရာယ် ရှိတဲ့ လက်လွတ်စပယ် နိုင်တဲ့ လုပ်ရပ် ဖြစ်ပြီး အမေရိကန် အစိုးရအနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ နဲ့ မဟာမိတ် တောင်ကိုးရီးယားနဲ့ ဂျပန် နိုင်ငံတို့ကို ကာကွယ်ဖို့ လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။

အစောပိုင်းတုန်းက မြောက်ကိုးရီးယားက သူ့နိုင်ငံမှာ လျှပ်စစ် ဓါတ်အား မလုံလောက်မှုနဲ့ နျူကလီးယား အင်အား တိုးမြှင့်ဖို့အတွက် ယုံဗြောင်း နျူကလီးယား ဓါတ်ပေါင်းဖို ကို ပြန် လည်ပတ်မယ်လို့ ထုတ်ဖေါ်ကြေညာသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြောက်ကိုးရီးယားဟာ စစ်ဖြစ်လာနိုင်တဲ့ အထိ ထိပ်တိုက်တွေ့တဲ့ အခြေအနေရောက်အောင် လုပ်နေတယ်လို့ သတိပေး ပြောသွားပါတယ်။

အခုအခါ ပဋိပက္ခ အခြေအနေဟာ အတော်လေး ကြီးထွားလာနေပြီး တွေ့ဆုံ ညှိနှိုင်းခြင်းအားဖြင့် အဖြေရှာသင့်တယ် လို့ သူက ပြောပါတယ်။