တောင်ကိုရီးယား လုပ်သားတွေကို မြောက်ကိုရီးယား က ဝင်ခွင့်မပေး တော့

  • 3 ဧပြီ 2013
Kaesong
Image caption ကေဆွမ် စက်မှုဇုံ ဝင်ပေါက်

တောင်နဲ့ မြောက် ကိုရီးယား နယ်စပ် က မြောက်ကိုရီးယား နယ်နိမိတ် ဘက်မှာ ကျရောက်နေတဲ့ တောင်နဲ့မြောက် ပူးပေါင်း စက်မှုဇုံ ၀င်းထဲ ကို တောင်ကိုရီးယား အလုပ်သမား တွေ မလာနိုင်အောင် မြောက်ကိုရီးယားက တားမြစ် လိုက်ပါတယ်။

ကေဆွမ် စက်မှုဇုံ ၀င်းထဲ က တောင်ကိုရီးယား နိုင်ငံသားတွေ သူတို့ နိုင်ငံ ဘက် ပြန်သွားချင်ရ တော့ ပြန်သွား နိုင်ပြီး လာခွင့် ကို ပိတ်လိုက်တာပါ။

ဒါဟာ သဘောထားကွဲနေတဲ့ ကိုရီးယား ကျွန်းဆွယ်မှာ နောက်ထပ် တင်းမာမှုတွေ ထပ်ဖြစ် စေနေ ပါတယ်။

တောင်ကိုရီးယားမှ ၂နိုင်ငံ ပူးပေါင်းရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မ်အင်စွပ် က ကေဆွမ် အလုပ်ရုံတွေ ဖက် ကို ဝင်ရောက်ခွင့် မပေးဘူးလို့ ဗုဒ္ဓဟူးနေ့ မနက် က အကြောင်းကြား လာလို့ အခုလို ပိတ်ဆို့တဲ့အပေါ် တောင်ကိုရီးယားအစိုးရ က ဝမ်းနည်းကြောင်း ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။

တောင်ကိုရီးယား နိုင်ငံသားတွေ ကေဆွမ် စက်မှုဇုံ ကနေ ထွက်ခွာလို့ ရပေမယ့် တောင်ကိုရီးယားဘက် ကနေ ဝင်ခွင့်မရတာ ဖြစ်တယ် လို့ အစိုးရ ကပြောပါတယ်။

အခု ဖက်စပ်လုပ်ငန်း ဟာ မြောက်ကိုရီးယား အတွက် အရေးကြီးတဲ့ ဝင်ငွေရ လုပ်ငန်းဖြစ်ပြီး ၂ နိုင်ငံ ဆက်ဆံရေး အတွက်အရေးကြီး တဲ့ ပြယုဂ် လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမြောက်ကိုရီးယားက စစ်ရေး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပြီး နျူးကလီယားလက်နက် လုပ်တာ ကို ပြန်စဖို့ ကြေညာသွားပါတယ်။

တောင်မြောက် ၂နိုင်ငံ နယ်စပ်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆင် ကတော့ တောင်ကိုရီးယားဘက် ကနေ အလုပ်သွားလုပ်သူ အများစုဟာ ချက်ချင်းပြန်လာဖို့ကို မဆုံးဖြတ်ကြပါဘူးတဲ့၊ အကြောင်းကတော့ မြောက်ကိုရီးယား ဘက်ခြမ်းမှာ ရှိနေတဲ့ အဲဒီ ကေဆွမ် စက်မှုဇုန် ဘက် ပြန်ဝင် မရတော့မှာကို စိုးရိမ်လို့ပဲ ဖြစ်ပါတယ် လို့ ပြောပါတယ်။