မြောက်ကိုရီးယားက ရင်ဆိုင်ဖို့ အသင့်ပြင်

  • 4 ဧပြီ 2013
North Korea
Image caption မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်

မြောက်ကိုးရီးယားက အမေရိကန်ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ သူ့ရဲ့ ဒုံးပစ်စင်တွေကို အသင့်အနေအထား ပြင်ထားလိုက်ပြီလို့ ပြောပါတယ်။

ဒါဟာ ကိုးရီးယားကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တဆင့်ပြီး တဆင့် ထပ်တိုးလာတဲ့ အနေအထားပါ။

အမေရိကန်ဘက်က ဂူအမ်ဆိုတဲ့ ပစိတ်ဖိတ်ကျွန်းက သူတို့ရဲ့ အခြေစိုက် စခန်းမှာ ဒုံးပျံ ကာကွယ်ရေး စနစ်တခု တပ်ဆင်ထားလိုက်ပြီလို့ ကြေညာ ခဲ့တဲ့အတွက် မြောက်ကိုးရီးယားကလည်း ဒါကို တန်ပြန် တုံ့ပြန်တဲ့အနေနဲ့ သူတို့ဘက်ကလည်း ပြင်ဆင်တဲ့အကြောင်း ပြလိုက်တာပါ။

တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီး Kim Kwan-jin က ပါလီမန် ကော်မတီတခုကို ရှင်းပြရာ မှာတော့ မြောက်ကိုးရီးယားဟာ အခုဆိုရင် သူ့ရဲ့ ဒုံးပျံ တစင်းကို နိုင်ငံအရှေ့ပိုင်း ကမ်းခြေဆီကို ရွှေ့ထားလိုက်တာ တွေ့ရတယ်လို့ ပြောပါတယ်။

မြောက်ကိုးရီးယားဘက်က အစောပိုင်းတုန်းကလည်း နျူကလီးယား လက်နက်နဲ့ အမေရိကန်ကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက် ခဲ့ပါသေးတယ်။

အဲဒီ ပစ်ခတ်မယ့် အထဲမှာ အမေရိကန် နိုင်ငံတွင်းနဲ့ ဟာဝိုင်ယီကျွန်း၊ နောက် ပစိဖိတ် သမုဒ္ဒရာအတွင်းက ဂူအမ် အခြေစိုက်စခန်းတွေကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုးရီးယားမှာ အမေရိကန်ထိ အဝေးကြီး ပစ်ခတ်နိုင်လောက်တဲ့ လက်နက်မျိုး မရှိသေးဘူးလို့ ပညာရှင် အများစုက ယုံကြည်ကြ ပါတယ်။

ကိုးရီးယား ကျွန်းဆွယ်မှာ မြောက်ကိုးရီးယားဟာ ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ နောက်ဆုံး ပစ်ခတ်မှုကတော့ ၂၀၁၀ တုန်းက တောင်ကိုးရီးယား ယုံပြောင်းကျွန်းကို နောက်ဆုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။