လူမျိုးရေး ခွဲခြားလို့ Air France ဒဏ်တပ်ခံရ

  • 5 ဧပြီ 2013
Image caption လူမျိုးရေး ခွဲခြားတဲ့ Air France ဒဏ်တပ်ခံရ

ပြင်သစ်လေကြောင်းလိုင်း Air France ကို လူမျိုးရေး ခွဲခြားမှုနဲ့ ပြင်သစ် တရားရုံးတခုက ဒေါ်လာ တသောင်းခြောက်ထောင် ဒဏ်တပ်လိုက်ပါတယ်။

အစ္စရေးကို ပျံသန်းတဲ့ ခရီးစဉ် တခုမှာ ပါလက်စတိုင်း အရေး တက်ကြွ လှုပ်ရှားသူ Horia Ankour ကို အစ္စရေး နိုင်ငံသား ၊ ဂျူး လူမျိုး မဟုတ်တဲ့ အတွက် Air France က လေယာဉ်ပေး မစီးခဲ့တာ ဖြစ်ပါတယ်။

သူနာပြု သင်တန်း တက်နေတဲ့ ကျောင်းသူ ဟိုရီယာ အန်ခါ ဟာ မနှစ်တုန်းက ပါလက်စတိုင်း အရေး စည်းရုံးလှုပ်ရှားမှုမှာ တခြားသူတွေနဲ့ အတူ ပါဝင်နိုင်ဖို့ ပြင်သစ်ကနေ တဲလာဗိ ကို သွားဖို့ ပြင်ဆင် ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းက ဝန်ထမ်း တယောက်ကို သူမကို အစ္စရေး ဒါမှမဟုတ် ဂျူးလူမျိုး လားလို့ မေးတဲ့အခါမှာ သူမက မဟုတ်ဘူးလို့ ပြန်ဖြေခဲ့တာကြောင့် သူမ လိုက်ပါမယ့် ခရီးစဉ်ကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

အစ္စရေးက ပေးလာတဲ့ လက်မခံရ ဆိုတဲ့ စာရင်းထဲမှာ သူမ နာမယ် ပါလို့ အခုလို လုပ်ရတာလို့ အဲဖရန့်စ်က ပြောပြီး ဒီအမှုကို အယူခံ ဝင်မယ်လို့လည်း ဆိုပါတယ်။