စစ်ဖြစ်လာနိုင်တယ်လို့ သံအမတ်ကြီးဟောင်း သုံးသပ်

  • 5 ဧပြီ 2013
Image caption မြောက်ကိုရီးယား ဖက်က စစ်အင်အားပြ

မြောက်ကိုရီးယားက သူ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အမေရိကန်ကို တိုက်ခိုက်ရေး အတွက် အမိန့်ပေး အတည်ပြု ပြီးပြီလို့ ဆိုလိုက်ပြီး လိုအပ်ရင် နျူးကလီးယား လက်နက်ကို အသုံးပြုဖို့ပါ မီးစိမ်းပြထားတယ်လို့လည်း ဆိုနေပါတယ်။ တချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ သူတို့ရဲ့ မစ်ဇိုင်း ဒုံး တလုံးကို အရှေ့ဘက် ကမ်းရိုးတန်းဘက်ဆီ ရွှေ့ပြောင်း လိုက်တယ်လို့လည်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေး ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု ကလည်း ပစိဖိတ် သမုဒ္ဒရာထဲမှာ ရှိတဲ့ ဂွမ် ကျွန်းငယ်ပေါ်မှာ မစ်ဇိုင်း ကာကွယ်ရေး စနစ် ရွှေ့ပြောင်းထားပြီလို့ တုန့်ပြန်ကြေညာ ခဲ့ပါတယ်။

ဂွမ်ကျွန်းဟာ မြောက်ကိုရီးယားက ကြေညာထားတဲ့ ပစ်မှတ်တွေထဲက တခုလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ဗြိတိန်သံအမတ်ကြီး တာဝန်ယူခဲ့ဖူးသူ ဗြိတိန်သံအမတ်ကြီး John Everard က သူ့အနေနဲ့တော့ တိုက်ခိုက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပြီး ထင်စရာ အကြောင်းတချို့ကလည်း ပထမအချက်က အရင်တုန်းကလည်း တဘက်နဲ့ တဘက် အပြန်အလှန် ခြိမ်းခြောက်မှုတွေရှိခဲ့ဖူးပေမဲ့ ဒီတခါလောက် ပြင်းပြင်းထန်ထန် မဖြစ်ခဲ့ဖူးဘူး ၊ နောက် ဒုတိယ အချက်က အရင်တုန်းက မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်တဲ့ ကြေညာချက်တွေဟာ ထိပ်ဆုံး ခေါင်းဆောင်နဲ့ တိုက်ရိုက် ဆက်စပ်မှု မရှိခဲ့ဘူးပဲ အရင်တုန်းက ထိပ်တိုက် တွေ့ဆုံမှုတွေမှာ သူတို့ရဲ့ ကြေညာချက်တွေကို နိုင်ငံခြား ရေးဝန်ကြီးဌာန အဆင့်ကပဲ လုပ်လေ့ရှိပေမယ့် ခုတခါမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင်ကိုယ်တိုင်ကလုပ်တာကြောင့် ဒါဟာ မြောက်ကိုရီးယားဘက်က ကြည့်ရင် ထူးခြားတဲ့ အချက် ဖြစ်သလို တရုတ်ရဲ့ ပြုမူပုံဟာလည်း ဒီတခါ ခါတိုင်းနဲ့ မတူဘဲ ထူးခြား နေတယ်လို့ သူက ဆိုပါတယ်။

မနေ့က တရုတ် ရုပ်မြင်သံကြားတွေမှာ သတင်းထုတ်လွှင့်သွား ချက်အရ ၊ တရုတ်တပ်ဖွဲ့တွေကို မြောက်ကိုရီးယား နယ်စပ်မှာ ရွှေ့ပြောင်း နေရာချထားတယ်လို့ ထုတ်ပြန်သွားပါတယ် ၊ ဒါဟာ ဘာကြောင့် ဒီလို ရွှေ့ပြောင်း နေရာချထားတယ်လို့ မပြောပေမဲ့ ဒီအပြုအမူဟာ ထူးခြားတယ်လို့ ဗြိတိန် သံအမတ်ကြီးဟောင်းက ရှင်းပြခဲ့ ပါတယ်။

မြောက်ကိုရီးယားက ဘာကို ဒီလောက်တောင် မကျေမနပ် ဖြစ်နေတာပါလဲ ၊ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လုပ်တဲ့ အတွက် သူတို့က ဒီလို တုန့်ပြန်မှုဟာ ကျိုးကြောင်း ဆီလျော်ပါရဲ့လားလို့ ဘီဘီစီက မေးတဲ့အခါမှာတော့ ဗြိတိန်သံအမတ်ကြီးဟောင်းက တခြားလူတွေအတွက် အကြောင်းပြချက် မခိုင်လုံပေမဲ့ သူတို့အတွက်တော့ ခိုင်လုံတယ် ၊ သူတို့အမြင်မှာ သူတို့ဟာ ရန်ရှာခံရသူလို့ ယူဆနေပုံရပြီး သူတို့ကို အမေရိကန် က ခြိမ်းခြောက်နေတယ်လို့ သူတို့မြင်ကြောင်း ၊ တကယ်လို့ သူတို့ အနေနဲ့ ညူကလီးယား လက်နက်ကို စွန့်လွှတ်လိုက်ရင် အမေရိကန်က သူတို့ကို လစ်ဗျားနဲ့ အီရတ်ကို လုပ်သလို လုပ်မှာပဲလို့ သူတို့ စိတ်ထဲမှာ မှတ်ယူထားပါတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

သူတို့မှာ နျူးကလီးယား မရှိရင် အမှန်တကယ် အကျူးကျော်ခံရမှာပဲလို့ သူတို့ အစစ်အမှန် စိုးရွံ့နေတယ်ထင်ပါသလားလို့ ဘီဘီစီက မေးတဲ့အခါမှာ သံအမတ်ကြီးက ကျူးကျော်မှာ ဒါမှ မဟုတ် သူတို့ အစိုးရကို အမေရိကန်က ဖြုတ်ချဖို့ ကြိုးစားမှာကို သူတို့ စိုးရိမ်ပါတာ ဖြစ်တယ် ၊ အခုလုပ်တဲ့ ပိတ်ဆို့မှုတွေဟာ သူတို့အတွက် တကယ် အထိနာနိုင်တာတွေကြောင့် မြောက်ကိုရီးယား အသက်ရှုကြပ်သွားမှာကို သူတို့ စိတ်ပူပါတယ်လို့ သံအမတ်ကြီးက ဖြေကြားခဲ့ပါတယ်။

ဒီတော့ ဒီတကြိမ်မှာ အမှန်တကယ် စစ်ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သံအမတ်ကြီးအနေနဲ့ ထင်ပါသလားလို့ ဘီဘီစီက နောက်ဆုံးမေးခွန်းအနေနဲ့ မေးတဲ့အခါမှာ ဖြစ်နိုင်ခေျရှိတယ်လို့ သူထင်ကြောင်း သံအမတ်ကြီးက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ