မြောက်ကိုရီးယားကို အိမ်ဖြူတော်က အနီးကပ် စောင့်ကြည့်

Image caption မှန်ပြောင်းနဲ့ လုံခြုံရေး အကာအကွယ် စောင့်ကြပ်နေတဲ့ မြောက်ကိုရီးယား စစ်သား

နျူကလီးယား လက်နက်တပ်ဆင်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ တင်းမာမှုတွေ ကြီးထွားလာချိန်မှာ သူတို့နိုင်ငံမှာ ရှိတဲ့ သက်ဆိုင်ရာ သံရုံးဝန်ထမ်းတွေကို ပြောင်းရွေ့ နေရာချထားဖို့ စီစဉ် စဉ်းစားကြပါလို့ သံအဖွဲ့တွေကို မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် လာမယ့် ဗုဒ္ဓဟူးနေ့က စပြီး သံရုံးတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို အာမခံချက် မပေးနိုင်ဘူးလို့ မြောက်ကိုရီးယားက ပြောကြောင်း ဗြိတိန် သံအရာရှိက ဆိုပါတယ်။

လန်ဒန်က ဗြိတိသျှ နိုင်ငံခြားရေးရုံးကတော့ ဗြိတိန် အနေနဲ့ နိုင်ငံတကာ မဟာမိတ်တွေနဲ့ တိုင်ပင်နေတယ် ၊ ဒါပေမယ့် သံရုံးကို ချက်ချင်း ရုတ်သိမ်းသွားဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

အမေရိကန် အိမ်ဖြူတော်က ပြောခွင့်ရ ပုဂ္ဂိုလ် ဂျေး ကာနေး ကတော့ ဒီကိစ္စကို ကျွန်တော်ကို အနီးကပ် သေသေချာချာ လေ့လာ စောင့်ကြည့်နေပါပြီး မြောက်ကိုရီးယားရဲ့လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အံသြမှု မရှိကြောင်းနဲ့ အရင်ကလည်း သူတို့ ဒုံးကျည် ပစ်လွှတ်မှုတွေ လုပ်ခဲ့တာ တွေ့ခဲ့ကြရသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း အကြိမ်ကြိမ် ရှုတ်ချခဲ့တာဘဲလို့ ဆိုပါတယ်။

အစောပိုင်းတုန်းက တောင်ကိုရီးယားက လာတဲ့ သတင်းတွေ အရ မြောက်ကိုရီးယားဟာ တာလတ်ပစ် ဒုံးကျည်နှစ်လုံးကို ပြောင်းရွေ့ တပ်ဆင် နေရာချထားခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ