ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ကွယ်လွန်

  • 8 ဧပြီ 2013
Image caption ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Baroness Thatcher

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာဟာ လေဖြတ် ဝေဒနာနဲ့ ဧပြီလ ၈ ရက်နေ့ မနက်က ကွယ်လွန်သွား ပြီ ဖြစ်ပါတယ်။

အသက် ၈၇ နှစ် အရွယ် မာဂရက် သက်ချာဟာ ငြိမ်းငြိမ်း ချမ်းချမ်း သေဆုံး သွားတာ ဖြစ်တယ်လို့ သူရဲ့ ပြောခွင့် ရသူက ပြောပါ တယ်။

ဘယ်ရွန်နက်စ် မာဂရက် သက်ချာဟာ ပြီးခဲ့တဲ့ ၂၀ ရာစု အတွင်းက ကမ္ဘာ့ နိုင်ငံရေး လောကမှာ ဩဇာ တိက္ကမ အရှိဆုံး ခေါင်းဆောင် တဦး ဖြစ်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် အဖြစ် ၁၁ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့တဲ့ မစ္စစ် သက်ချာ ရဲ့ စွမ်းဆောင်မှုတွေ ဟာ သူ့နောက်မှာ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်သူ တွေ အပေါ်မှာ လွှမ်းမိုး မှုတွေ ရှိခဲ့ပါတယ်။

ငယ်ရွယ်စဉ် နိုင်ငံရေး အစ

မစ္စစ် သက်ချာကို ၁၉၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက် နေ့မှာ ဗြိတိန် နိုင်ငံ လင်ကွန်း ရှိုင်းယားက ဂရမ်သမ် မြို့မှာ မိခင် ဘီးရပ်စ်ထရစ္စနဲ့ ဖခင် အဲလ်ဖရဒ် ရောဘတ်စ် တို့က မွေးဖွားခဲ့ပါတယ်။ ဖခင်က ကုန်စုံဆိုင် ပိုင်ရှင်နဲ့ ဓမ္မဆရာ တယောက် ဖြစ်ပေမယ့် အဲဒီ ဖခင်ရဲ့ လွှမ်းမိုး မှုတွေ သူ့အပေါ်မှာ အများကြီး ရှိခဲ့ တယ်လို့ မစ္စစ် သက်ချာက ဆိုခဲ့ပါတယ်။

အရွယ်ရောက် လာတဲ့ အခါမှာ အောက်စဖို့ဒ်က ဆန်းမားဗီးလ် ကောလိပ် မှာ သဘာဝ သိပ္ပံ ဘာသာရပ် ကိုသင်ယူတတ်မြောက်ခဲ့ပြီး အဲဒီ အချိန်တုန်းကလည်း အောက်စဖို့ဒ် တက္ကသိုလ် ကွန်ဆာဗေးတစ် အဖွဲ့ကြီးရဲ့ တတိယမြောက် အမျိုးသမီး အကြီးအကဲ လည်း ဖြစ်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ဒတ်ဖို့ဒ် မြို့ရဲ့ ကွန်ဆာဗေးတစ် ကိုယ်စားလှယ် လောင်း အဖြစ် စတင်ပြီး နိုင်ငံရေး လောကထဲကို ဝင်ရောက် လာခဲ့ပါတယ်။

ဒါပေမယ့် ၁၉၅၀နဲ့ ၅၁ ခုနှစ် ရွေးကောက်ပွဲ တွေမှာ ဝင်ရောက် အရွေးခံ ပေမယ့် အောင်မြင်မှု တော့ မရခဲ့ပါဘူး။ ၁၉၅၁ ခုနှစ် မှာတော့ စီးပွားရေး သမား ဒင်းနစ် သက်ချာနဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက် ရှေ့နေ စာမေးပွဲတွေ အောင်မြင် ခဲ့လို့ ၅၃ ခုနှစ် မှာတော့ ရှေ့နေ တဦး ဖြစ်လာခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်ရွေးကောက်ပွဲ မှာတော့ မစ္စစ် သက်ချာဟာ ဖင်ချလီ အရပ်ရဲ့ ကွန်ဆာဗေးတစ် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ခဲ့ရာမှာ အရွေးခံရပြီး ပါလီမန် အမတ် ဖြစ်လာခဲ့ပါတယ်။

နို့သူခိုး မာဂရက် နဲ့ Iron Lady

၂နှစ် အတွင်းမှာ အငယ်တန်း ဝန်ကြီး တယောက် ဖြစ်လာခဲ့ပြီး ၆၄ ခုနှစ် မှာတော့ ရှဲဒိုး ကက်ဘိနက် ခေါ်တဲ့ အတိုက်အခံ ဝန်ကြီး အဖွဲ့ထဲ မှာပါ ပါလာခဲ့ပါတယ်။ ၁၉၇၀ မှာ အက်ဒွပ်ဟိသ် အစိုးရမှာ ပညာရေး ဝန်ကြီး အဖြစ် တာဝန်ပေး ခံခဲ့ရပါတယ်။ အဲဒီမှာ အသုံး စရိတ် လျှော့ ချဖို့ လိုအပ် နေခဲ့တာကြောင့် ၇ နှစ်နဲ့ ၁၁ နှစ် အရွယ် ကလေးတွေကို အခမဲ့ နို့ တိုက်ကျွေး တာကို ရပ်ပစ် ခဲ့လို့ သူ့ကို နို့သူခိုး မာဂရက် သက်ချာ ဆိုပြီး နာမည်တပ် ခဲ့ကြပါသေးတယ်။

နိုင်ငံရေးမှာ နာမည်ရ လာနေတဲ့ မစ္စစ် သက်ချာကို အဲဒီတုန်းက ရုပ်မြင် အင်တာဗျူး တခုမှာ တချိန်မှာ အမျိုး သမီး ဝန်ကြီးချုပ် ဆိုတာ ဖြစ်လာ နိုင်မလား ဆိုတော့ သူ့တသက် ဒီလို မြင်ရမယ် မထင်ဘူးလို့ ဖြေခဲ့ ပါသေးတယ်။

၁၉၇၃ ခုနှစ် မှာ ဟိသ် ရဲ့ အစိုးရ ရေနံ ပြဿနာ ကြောင့် ၇၄ ဖေဖော်ဝါရီမှာ ပြိုလဲ ခဲ့အပြီး မှာတော့ ၁၉၇၅ ခုနှစ် တိုရီ ပါတီရဲ့ ခေါင်းဆောင် နေရာ အတွက် မစ္စစ် သက်ချာ အရွေးခံ ခဲ့ရပါတော့တယ်။ နောက် ဘာမှ မကြာဘဲ ၁၉၇၆ ခုနှစ်မှာ ဆိုဗီယက် ယူနီယံရဲ့ မူဝါဒ တွေကို ဝေဖန် ခဲ့လို့ သူ့ကို ရုရှင် သတင်းစာ တစောင်က သံမဏိ အမျိုး သမီး အိုင်းယွန်း လေဒီလို့ နာမည် ပေးခဲ့ တာက အဲဒီ နာမည်တွင်သွား ခဲ့ပါတော့တယ်။

ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်

၁၉၇၉ ခုနှစ် မှာတော့ ဂျင်မ် ကာလက်ဂန် ရဲ့ လေဘာ အစိုးရ အယုံ အကြည် မရှိ အဆို တင်သွင်းခံရ တဲ့ နောက် ရွေးကောက်ပွဲကြီးမှာ မစ္စစ် သက်ချာက တိုင်းပြည် ဘဏ္ဍာရေး ပြေလည်အောင် လုပ်မယ်၊ လွတ်လပ်တဲ့ ကုန်သွယ်မှု ဈေးကွက်တွေကို အားပေး မယ်လို့ ကတိတွေ ပေးရင်း ကွန်ဆာဗေးတစ် တွေ အနိုင်ရလို့ မစ္စစ် သက်ချာလည်း ပထမဆုံး အမျိုး သမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ ပါတော့တယ်။

သူ ဝန်ကြီးချုပ် ဖြစ်လာတဲ့ အချိန်မှာ အဲဒီ အချိန်မှာ သပိတ်တွေ ခဏခဏ မှောက်တဲ့ အလုပ် သမား သမဂ္ဂတွေကို ထိန်းချုပ် ပစ်သလို၊ တချို့ လုပ်ငန်း တွေကို နိုင်ငံ ပိုင် လုပ်ပစ် တာတွေ ရှိခဲ့ဖူး ပါတယ်။ နောက်တခါ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒ အသစ်တွေ ချမှတ် ခဲ့တာကြောင့် အဲဒီ ကနေ ဗြိတိန်ဟာ ကမ္ဘာ့ ငွေကြေး ဈေးကွက် ရဲ့ အချက် အခြာ ဖြစ်လာခဲ့ပါတော့တယ်။

မစ္စစ် သက်ချာ လက်ထက်မှာ အရင်က ဘာမှ သိပ်မရှိသူ တွေတောင် အိမ်ဝယ် နိုင်တဲ့ အထိ စီးပွားရေး လုပ်ငန်းတွေမှာ အစု ရှယ်ယာတွေ ပိုင်လာတဲ့ အထိ ဖြစ်ခဲ့ ပေမယ့် တဘက်မှာလည်း အလုပ် လက်မဲ့ ဦးရေ ၃ သန်းလောက် ဖြစ်လာလို့ ဝေဖန် ခံရတာမျိုးတွေ တော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၂ ခုနှစ်မှာ ဗြိတိန်ပိုင် ဖော်ကလန် ကျွန်းကို အာဂျင်တီးနားက သိမ်းပိုက် တာကို အောင်မြင်စွာ ပြန်လည် တိုက်ထုတ် ရယူ ပြလိုက် အပြီး လူကြိုက် ပြန်များ ခဲ့လို့ နောက်တကြိမ် ၈၃ ရွေးကောက်ပွဲမှာ အကြီး အကျယ် အနိုင်ရသွား ခဲ့ပြန်ပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံရေး နိဂုံး

မစ္စစ်သက်ချာဟာ သူမရဲ့ သက်တမ်း အတွင်းမှာ ဗြိတိန် နိုင်ငံကို နိုင်ငံတကာ အလယ်မှာ ဂုဏ်သိက္ခာ ရှိအောင် ၊ ဩဇာရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ အဲဒီ အချိန်က အမေရိကန် သမ္မတ ရော်နယ် ရီဂင်နဲ့လည်း အင်မတန် အပ်စပ် မိခဲ့သလို ဆိုဗီယက် ခေါင်းဆောင် ဖြစ်လာတဲ့ မီခိုင်းလ် ဂေါ်ဗာခေျာ့ဗ် နဲ့ တောင်မှ မဟာမိတ် ဖွဲ့နိုင်ခဲ့ တာကို ကြည့်ရင် မစ္စစ် သက်ချာရဲ့ နိုင်ငံခြားရေး မူဝါဒ အမြင်တွေ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မြင်နိုင်ပါတယ်။

ဒါပေမယ့်လည်း တဘက်မှာ ပါတီတွင်း မှာတော့ သူ့ရဲ့ ခေါင်းဆောင်မှု တွေကို စိန်ခေါ် တာတွေ ရှိနေခဲ့ ပြန်ပါတယ်။ သူမရဲ့ တချို့ မူဝါဒ တွေကို ကွန်ဆာဗေးတစ် အမတ်တွေ အကြားမှာ မကျေလည် တာတွေ ရှိခဲ့ပြီး နောက်ဆုံး မတော့ အပြုံး ကလေးနဲ့ သစ္စာဖောက် ခံခဲ့ ရတယ်လို့ ဆိုပြီး ရာထူး ကနေ ဆင်းပေးခဲ့ပါတယ်။

သူ့နေရာမှာ ဂျွန်မေဂျာ ဝန်ကြီးချုပ်ဖြစ် သူကတော့ ပါလီမန် အမတ် နေရာမှာပဲ ဆက်နေခဲ့ပြီး ၁၉၉၂ ခုနှစ်အရောက်မှာ နိုင်ငံရေး လောကနေ အနားယူသွား ခဲ့ပါတော့တယ်။ ၁၉၉၅ ခုနှစ်မှာ ဘယ်ရွန်နက်စ် ဘွဲ့ချီးမြှင့် ခံခဲ့ရပါတယ်။ ၂၀၀၁ ခုနှစ်ကစလို့ ကျန်းမာရေးလည်း ချို့ယွင်းလာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ သူမရဲ့ အမှီပြုရာ ကျောက်တုန်း ကျောက်စိုင် လို့ သဘောထားရတဲ့ ခင်ပွန်းသည် ဒင်းနစ် သက်ချာ ကွယ်လွန်သွား ခဲ့ပါတယ်။

၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ သတိမေ့ တတ်တဲ့ ရောဂါတွေ စတင်ခံစား လာခဲ့ရပါတယ်။ နောက် ၂၀၁၀ မှာ နေထိုင်ခဲ့ ဖူးတဲ့ ဒေါင်းနစ် လမ်းအိမ်ကို တခါ အလည် ရောက် ခဲ့ပါတယ်။ ၂၀၁၃ ဧပြီလ ၈ ရက်နေ့ မှာတော့ အင်မတန်မှ ဩဇာတိက္ကမ ရှိတဲ့ သံမဏိ အမျိုးသမီး မစ္စစ် သက်ချာဟာ လေဖြတ်ရာ ကနေ ညင်ညင် သာသာ နဲ့ လောကကြီးကို နုတ်ဆက် သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ