လေဒီ သက်ချာ စျာပန အစီအစဉ်

  • 9 ဧပြီ 2013
lady thatcher
Image caption လေဒီသက်ချာရဲ့ နိုင်ငံရေး တန်ဖိုးကို အငြင်းပွားနေဆဲ

ကွယ်လွန်သူ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း လေဒီ သက်ချာရဲ့ ရုပ်ကလာပ်ကို လန်ဒန်မြို့ စိန်ပေါ ဘုရားကျောင်းကြီးမှာ စစ်အခမ်းအနား နဲ့ နောက်တပတ်တွင်း သင်္ဂြိုဟ်မယ် လို့ ခန့်မှန်း နေကြတယ်။

နိုင်ငံတော် စျာပန အဖြစ် ချဆောင်မှာ မဟုတ်ပေမယ့် ဒိုင်ယာနာ မင်းသမီးနဲ့ ဘုရင်မ မယ်တော်ကြီးတို့ကို သင်္ဂြိုဟ်ခဲ့တဲ့ အဆင့်အတန်းနဲ့ သူ့စျာပနကို ချဆောင်မှာ ဖြစ်ပါတယ်။

သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အလံတွေကို လျှော့ချ လွှင့်ထူထား ကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပါလီမန် အစည်းအဝေး ကျင်းပပြီးတော့ ခုထိ ပြင်းပြင်း ထန်ထန် အငြင်းပွားနေဆဲ ဖြစ်တဲ့ လေဒီသက်ချာရဲ့ နိုင်ငံရေး တန်ဖိုး ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဗြိတိန်ကို ကိုယ့်ခြေထောက်ပေါ် ပြန်ရပ်နိုင်အောင် သူ စွမ်းဆောင်ခဲ့ ကြောင်း လက်ရှိ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။

အလုပ်သမား သမဂ္ဂတွေနဲ့ လက်ဝဲ ခေါင်းဆောင် တွေကတော့ သူ့လမ်းစဉ် တွေကြောင့် တိုင်းပြည်ရဲ့ စက်မှု လုပ်ငန်း ပျက်စီးခဲ့ပြီး လူမှုရေး ကွာဟချက်တွေ ကြီးခဲ့တယ်လို့ ဝေဖန်ကြပါတယ်။

လန်ဒန်က သူ့နေအိမ်ရှေ့မှာ လာချ ဂုဏ်ပြုကြတဲ့ ပန်းစည်းတွေနဲ့ ပုံနေသလိုပဲ လန်ဒန် တချို့ အရပ်တွေနဲ့ စကော့တလန်က ဂလပ်စဂိုမှာ သူသေဆုံးတဲ့ အတွက် လူ ရာနဲ့ချီ လမ်းပေါ်ထွက်ပြီး ပါတီပေးကြ တာတွေလဲ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ