အဏုမြူ စက်ရုံနား လှုပ်တဲ့ အီရန်ငလျင်

  • 9 ဧပြီ 2013
iran
Image caption အဆောက်အဦ တော်တော်များများ ပြားပြားဝပ်

အီရန် နိုင်ငံ ရဲ့ တခုတည်းသော အဏုမြူ ဓာတ်ပေါင်းဖို ရှိတဲ့ ဘူရှီးယား မြို့နားမှာ ငလျင် လှုပ်လို့ အနည်းဆုံး ၃၇ ယောက် သေဆုံးပြီး ၈၅ဝ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

ရစ်ချတာ စကေး ၆.၃ ပြင်းအား ရှိတဲ့ ငလျင်ကြီးဟာ ဒူဘိုင်း၊ အဘူဒါဘီနဲ့ ဘာရိန်း နိုင်ငံတွေထိ ရိုက်ခတ် ခဲ့ပြီး လူတွေ လမ်းပေါ် ဆင်းလာကြ ရပါတယ်။

ဓာတ်ပုံတွေ အရ အဆောက်အဦ တော်တော်များများ ပြားပြားဝပ်သွားတာ တွေ့ရပြီး ရွာ ၂ ရွာ လုံးဝ ပျက်စီးသွားပြီလို့ အီရန် လခြမ်းနီ အဖွဲ့က ဆိုပါတယ်။

ဘူရှီးယားနဲ့ ငလျင် ဗဟိုချက် မိုင် ၆ဝ လောက်ပဲ ဝေးပေမယ့် အဏုမြူ ဓာတ်ပေါင်းဖို ထိခိုက်ပျက်စီးမှု မရှိကြောင်း ဘူရှီးယား နယ် အုပ်ချုပ် ရေးမှူးက အီရန် အစိုးရ ရုပ်သံမှာ ပြောကြား ခဲ့ပါတယ်။

လူ ၇၅ဝ က အနည်းအကျဉ်းသာ ထိခိုက် ဒဏ်ရာရပြီး ကျန်တဲ့သူ တွေကို ဆေးရုံတွေ တင်ထားကြောင်း၊ သမ္မတ အာမက် ဒီနာဂျက် ကိုယ်တိုင် တိုက်ရိုက် ကွပ်ကဲပြီး ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ ဘူရှီးယား နယ် အုပ်ချုပ် ရေးမှူး Fereydoun Hassanvand က ပြောပါတယ်။

နောက်ဆက်တွဲ ငလျင်တွေ လှုပ်မှာ စိုးလို့ လူအများအပြား အပြင်ဘက် ထွက်အိပ် ကြရကြောင်းလဲ သတင်းရရှိပါတယ်။

အီရန် နိုင်ငံဟာ ငလျင်ကြောကြီးပေါ် မေးတင် နေတာမို့ ၂ဝဝ၃ ခုနှစ် ငလျင်တုန်းက လူပေါင်း နှစ်သောင်းခွဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ