ကင်ညာသမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

Image caption ကျမ်းသစ္စာကျိန်ဆိုနေတဲ့ ကင်ညာသမ္မတသစ်

ကင်ညာ သမ္မတသစ် အူဟူးရူး ကင်နယက်တာ Uhuru Kenyatta က ပြိုင်ဘက် ရွိုင်လာ အိုဒင်ဂါ အပေါ် အနိုင်ရပြီး နောက် သမ္မတသစ် အဖြစ် ကျမ်းကျိန် လိုက်ပါတယ်။

သမ္မတသစ် အူဟူးရူး ကင်နယက်တာ ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ သူ့ကို ထောက်ခံတဲ့ လူထုကြီးက ကင်ညာအလံတွေကို ဝှေ့ယမ်းပြီး ဝမ်းသာအားရ ထောက်ခံ ကြွေးကြော်ခဲ့ကြပါတယ်။

မြို့တော်နိုင်ရိုဘီ အားကစားရုံမှာ လုပ်တဲ့ အဲဒီ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့ သောင်းချီတဲ့ ပရိသတ်တွေတက်ရောက်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲရဲ့ တရားဝင် မဲရလဒ်တွေအရ မစ္စတာ ကန်နယက်တာက မဲ အရေအတွက် ၅၀ ဒသမ ၀၇ ရာနှုန်း ရခဲ့ပြီး ပြိုင်ဘက် မစ္စတာ အိုဒင်းဂါးက ၄၃ ဒသမ ၂၈ ရာနှုန်းရခဲ့ပါတယ်။

မစ္စတာ အိုဒင်းဂါးဘက်က ဒီရလဒ်ကို စောဒက တက်ခဲ့ပေမဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်လို့ ဆိုခဲ့ပါတယ်။ တရားရုံးက မစ္စတာ ကန်နယက်တာကို အနိုင်ပေးခဲ့ပါတယ်။

အခု ဒီကျမ်းသစ္စာကျိန်ဆိုပွဲကို မစ္စတာအိုဒင်းဂါ မတက်ရောက်ပါဘူး။

အာဖရိက ခေါင်းဆောင်တွေဖြစ်ကြတဲ့ တောင်အာဖရိက သမ္မတ ဂျက်ကော့ဗ် ဇူးမား၊ နိုက်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျော်နသန်၊ ယူဂန်ဒါ သမ္မတ ယိုဝါရီ မူဆက်ဗနီတို့ တက်ရောက်ခဲ့ကြပါတယ်။

ဒါဖော ပဋိပက္ခကို အကြောင်းပြုပြီး နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး အိုင်စီစီရဲ့ ဝရမ်းထုတ်ပြန်ထားတာကို ခံရတဲ့ ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှားလည်း နိုင်ရိုဘီ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ရောက်ပါဘူး။

၂၀၀၇ ခုနှစ်တုန်းက ရွေးကောက်ပွဲ အပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့နောက်မှာ ဒါဟာ ပထမဆုံးအကြိမ်ရွေးကောက်ပွဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်က ရွေးကောက်ပွဲ အပြီး အကြမ်းဖက်မှုတွေမှာ လူ ၁၂၀၀ လောက်သေဆုံးမှုနဲ့ ပတ်သက်ပြီး မစ္စတာ ကင်နယက်တာနဲ့ သူ့လက်ထောက် ဝီလျံ ရုတို တို့ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှာ တရားစွဲဆိုတာကို ခံထားကြရပါတယ်။

အဲဒီကာလတုန်းက သူတို့ဟာ အတိုက်အခံတွေ ဖြစ်ကြပါတယ်။ သူတို့ နှစ်ဦးစလုံးကတော့ သူတို့ အပေါ်စွပ်စွဲချက်တွေကို ငြင်းဆိုထားကြတာ ဖြစ်ပါတယ်။

မစ္စတာ ကန်နယက်တာဟာ ကင်ညာနိုင်ငံရဲ့ ဖခင်အဖြစ် သတ်မှတ်ခံထားရသူ ဂျိုမို ကန်နယက်တာရဲ့ သားလည်း ဖြစ်ပြီး အမွေ အမြောက်အများ ဆက်ခံမယ့်သူလည်း ဖြစ်ပါတယ်။

သူဟာ သမ္မတဟောင်း မွေးကီဘာကီ လက်ထက်တုန်းက ဒုတိယဝန်ကြီးချုပ်၊ ကုန်သွယ်ရေး ဝန်ကြီး၊ ဘဏ္ဍာရေး ဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးသူ လည်း ဖြစ်ပါတယ်။

အသက်ငါးဆယ့်တစ်နှစ် အရွယ်ရှိ မစ္စတာ ကန်နယက်တာဟာ ကင်ညာ နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတဖြစ်ပါတယ်။