ဗြိတိန် ပါလီမန် အမတ်တွေ မာဂရက် သက်ချာကို ဂုဏ်ပြု

  • 10 ဧပြီ 2013
Queen Elizabeth and Lady Thatcher
Image caption ဗုဒ္ဓဟူးနေ့ ပြုလုပ်မယ့် လေဒီ သက်ချာရဲ့ စျာပန ကို ဘုရင်မကြီး တက်မယ်

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာဟာ ဗြိတိန် နိုင်ငံကို တဖန်ပြန်ပြီး အောင်မြင်မှု ရအောင် ဆောင်ရွက်ခဲ့တဲ့ ထူးခြားတဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ချီးကျူး ပြောဆိုလိုက်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာနဲ့ ပတ်သက်တဲ့ လွှတ်တော် အထူး ဂုဏ်ပြု အစီအစဉ် တစ်ရပ်မှာ မစ္စတာ ကင်မရွန်းက မာဂရက် သက်ချာ ချမှတ် ခဲ့တဲ့ မူတွေနဲ့ သဘောထား တွေကို ပြန်ပြောင်း ပြောခဲ့ ပါတယ်။

အတိုက်အခံ လေဘာခေါင်းဆောင် အက်ဒ် မီလီဘန် ကလည်း မာဂရက် သက်ချာရဲ့ ရဲစွမ်း သတ္တိနဲ့ နိုင်ငံရေး ရည်မှန်း ချက် အတွက် သူ့ရဲ့ စွမ်းရည် တို့ကို ချီးကျူး ခဲ့ပါတယ်။

ဒါ့အပြင် မာဂရက် သက်ချာဟာ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်ကို အသိအမှတ် ပြုတဲ့ ပထမဆုံး နိုင်ငံရေး သမား ဖြစ်တယ် လို့လည်း မစ္စတာ မီလီဘန်က ပြောပါတယ်။

ဒါပေမဲ့ ဒီ အခမ်း အနား ကို မတက်ရောက် ကြတဲ့ အတိုက်အခံ လေဘာ ပါတီက အမတ် တချို့ကတော့ ဒီ အစည်း အဝေးဟာ စိတ်ဝမ်း ကွဲစေ နိုင်ပြီး တဘက်နဲ့ တဘက် မကျေလည် တာတွေ ဖြစ်နိုင်တယ် လို့ ပြောကြ ပါတယ်။

အသက် ၈၇ နှစ် အရွယ် လေဒီ သက်ချာဟာ တနင်္လာနေ့က ကွယ်လွန် သွားခဲ့တာပါ။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ လန်ဒန်မြို့တော်က စိန့်ပေါလ် ဘုရားကျောင်းမှာ ဂုဏ်ပြု စစ် အခမ်း အနားနဲ့ ကျင်းပမယ့် မာဂရက် သက်ချာရဲ့ စျာပနကို ဗြိတိန် ဘုရင်မကြီးလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ