လူဝင်မှု ကြီးကြပ်ရေး ဥပဒေကြမ်း အတည်ပြုပေးဖို့ စုရုံးချီတက်

  • 11 ဧပြီ 2013
Image caption အမေရိကန်က ဆန္ဒပြ စုရုံး ချီတက်မှုတွေ

အမေရိကန် ပြည်ထောင်စုမှာ ကွန်ဂရက် အနေနဲ့ သမိုင်းတွင်မယ့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေကြမ်း တရပ်ကို အတည်ပြုပေးဖို့ နိုင်ငံတလွှားမှာ လူထုက ဆန္ဒပြ ချီတက် တိုက်တွန်းခဲ့ပါတယ်။

ဒီဥပဒေကြမ်းသာ အတည်ဖြစ်သွားခဲ့ရင် နေထိုင်ခွင့် စာရွက်စာတမ်းမဲ့နေတဲ့ လူ၁၁ သန်းလောက် အမေရိကန် နိုင်ငံသား ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။

ဝါရှင်တန် မြို့က အစိုးရ အဆောက်အအုံ ရှေ့မှာ ထောင်သောင်းချီတဲ့ လူတွေ စုရုံးခဲ့ကြသလို အနည်းဆုံး ပြည်နယ် ၁ဂ ခုမှာ အလားတူ ချီတက်ပွဲတွေ ကျင်းပခဲ့ကြတယ်လို့ ဒီအရေးကို တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အမေရိကန် ဆီးနိတ် လွှတ်တော်အမတ်တွေက ဒီလူဝင်မှု ကြီးကြပ်ရေး ဥပဒေကြမ်းကို ရေးဆွဲခဲ့တာ ဖြစ်ပြီး ဒီဥပဒေဟာ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ် တလျောက် လုံခြုံရေးနဲ့ စောင့်ကြည့် ကွပ်ကဲမှုတွေ တိုးမြှင့် လုပ်ဆောင်သွားမယ့် အချက်တွေလည်း ပါဝင်ပါတယ်။