အဓမ္မမှုကို လက်နက်လို မသုံးသင့်

  • 11 ဧပြီ 2013
hague
Image caption ဝီလျံ ဟိဂ်နဲ့ ကုလ အထူးသံတမန် အင်ဂျလီနာ ဂျိုလီ

မတရား ပြုကျင့်မှုတွေကို စစ်လက်နက်လို ကျင့်သုံး နေတာတွေ အဆုံးသတ်ဖို့ လက်တွဲ လုပ်ဆောင်ကြဖို့ G-8 စက်မှု နိုင်ငံကြီးများ အုပ်စုက သမိုင်းဝင် တောင်းဆိုလိုက်ကြ ပါတယ်။

ဂျီနီဗာ သဘောတူညီချက်ကို လက်မှတ်ထိုးတဲ့ နိုင်ငံတိုင်း အနေနဲ့ ဒီလို အမှုတွေ ကျူးလွန်သူလို့ မသင်္ကာသူ တွေကို တရားစီရင်ဖို့ တာဝန်ရှိကြောင်း လန်ဒန်မှာ ကျင်းပတဲ့ G-8 အစည်းအဝေးမှာ နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူ ခဲ့ကြ ပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေ အဆုံးသတ်သွားရေး ကမ္ဘာက တာဝန်ယူ လာတဲ့ထိ လုပ်သွားကြရမှာ ဖြစ်ပြီး ဒီကျူးလွန် စော်ကားမှုတွေ ကြောင့် မတွေးဝံ့စရာ အတိဒုက္ခတွေနဲ့ ပဋိပက္ခ တွေကို မီးမွှေးပေး နေတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိဂ်က ပြောဆိုပါတယ်။

ငြိမ်းချမ်းရေး တပ်သားတွေ အပါအဝင် စစ်သားတွေကို ဒီကျူးလွန် စော်ကားမှု ကိစ္စတွေ အတွက် တုံ့ပြန် နိုင်အောင် လေ့ကျင့် ပေးရမယ် လို့လဲ ဝီလျံဟိဂ်က ပြောပါတယ်။

တရားစီရင် နိုင်ဖို့ အတွက် မှုခင်းတွေ မှတ်တမ်းတင် ဖော်ထုတ်တာ၊ ဥပဒေ အကူအညီ ယူနိုင်ဖို့ ထောက်ပံ့တာ အပါအဝင် ဒီအရေး ကိုင်တွယ် ဖြေရှင်းဖို့ G-8 အုပ်စုက ဒေါ်လာ ၃၅ သန်း ကူညီ ထောက်ပံ့ နေပါတယ်။

G-8 အစည်းအဝေးမှာပဲ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေ အဆုံးသတ်ဖို့လဲ တောင်းဆို ခဲ့ကြသလို အဏုမြူ လက်နက်နဲ့ ဝေဟင်ပစ် ဒုံးကျည်တွေ မြောက်ကိုရီးယားက ဆက်ပြီး ထုတ်လုပ်နေတာကို ရှုတ်ချ ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ