ဆိုက်ပရပ်စ်မှာ ကယ်ဆယ်ကူညီငွေ နှစ်ဆလို

Image caption ကယ်ဆယ် ကူညီငွေ အလိုမရှိ ဆိုတဲ့ ဆန္ဒပြမှု

ဆိုက်ပရပ်စ် နိုင်ငံမှာ နိုင်ငံတကာက ဘဏ္ဍာရေး ကယ်ဆယ် ကူညီငွေကို နဂိုထင်ထားတာထက် နှစ်ဆနီးပါးလောက် လိုတယ်လို့ အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။

နဂို သဘောတူညီမှု ရပြီးသား ယူရို ခုနှစ် ဘီလီယံ ထက်ကို နောက်ထပ် ယူရို ခြောက်ဘီလီယံ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

ထောက်ပံ့ကြေး ပေးမှုတွေမှာ အစိုးရက ပိုမို သုံးစွဲခဲ့တာတွေ ၊ အကြပ်အတည်း ဆိုက်နေတဲ့ ဘဏ်တွေကို နောက်ထပ် ငွေရင်းစိုက်ထုတ်မှုတွေ လုပ်ပေးနေရတာကြောင့် စီးပွားရေး ပျက်ကပ် ဆိုက်မှုက ဆိုးရွားလာနေတယ်လို့ အရာရှိတွေက ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ ငွေကြေး ကန့်သတ်ချက်တွေကို လျှော့ပေါ့ ပေးထားပြီး ဘဏ္ဍာရေး ဝန်ကြီးရဲ့ အမိန့်ထုတ်ပြန်ချက်အရ ပြည်ပကို ခရီးသွားမယ့်သူ တွေကို နှစ်ဆတိုးလို့ ယူရို နှစ်ထောင်ယူသွားခွင့် ပေးထားသလို ကုမ္ပဏီတွေ အနေနဲ့လည်း ပြည်ပကို ငွေပေးချေမှုတွေ လုပ်ရာမှာ အရင်ကထက် လေးဆတိုးပြီး ယူရို နှစ်သောင်းထိ ငွေလွဲခွင့် ပေးထားတာ ဖြစ်ပါတယ်။