မြောက်ကိုရီးယားကို G 8 ရှုံ့ချ

  • 12 ဧပြီ 2013
Image caption ဂျီအိတ် ခေါင်းဆောင်တွေ အမှတ်တရ ဓါတ်ပုံရိုက်

ဂျီအိတ် စီးပွားရေး အင်အားကြီး ၈ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဆွေးနွေးပွဲကို လန်ဒန်မှာ ပြုလုပ်နေပါတယ်။

အဲဒီဆွေးနွေးပွဲကနေ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ ခြိမ်းခြောက်မှုတွေကို ရှုံ့ချကြောင်း ပြောကြားခဲ့ပါကြတယ်။

ပြုံယမ်းကနေ လာမယ့် ရက်အနည်းငယ် အတွင်းမှာ တိုက်ချင်းပစ် ဒုံး စမ်းသပ်မှု ပြုလုပ်မယ်လို့ ယူဆထားရတဲ့ အချိန်မှာ အခုလို ရှုံ့ချလိုက်တာ ဖြစ်ပါတယ်။

ရှုံ့ချရာမှာ အပြင်းထန်နိုင်သမျှ အပြင်းထန်ဆုံး စကားလုံးတွေကို ရွေးချယ် သုံးနှုံး ပြောဆိုသွားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလုပ်ရပ်တွေဟာ နိုင်ငံတကာ လုံခြုံရေး ကို မထီမဲ့မြင် ပြုလုပ်တာဖြစ်တယ်ဆိုပြီး ဒီအသုံးအနှုန်းဟာ အခုရက်ပိုင်းအတွင်း တရုတ်မီဒီယာတွေမှာ သုံးတဲ့ အသုံးအနှုန်းလို့ ဆိုကာ အလေးအနက်ထား ပြောဆိုသွားပါတယ်။

ဂျီအိတ် ၈ နိုင်ငံဟာ အမေရိကန် ဗြိတိန်၊ ပြင်သစ် ၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ကနေဒါနဲ့ ရုရှားတို့ ဖြစ်ကြပါတယ်။

၇ နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ သူ့ရဲ့ အစဉ်အလာ မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့အတွက် သိပ် မထူးခြားလှပေမဲ့ ရုရှားနိုင်ငံကပါ လိုလိုလားလား ပါဝင်နေတာကတော့ ထူးပါတယ်။

ရုရှား နိုင်ငံခြား ရေး ဝန်ကြီး ဆာရေး လက်ဗရော့ဗ် ကဒီကိစ္စမှာ အမေရိကန်နဲ့ သဘော ထားကွဲလွဲ စရာမရှိဘူးလို့ ဆိုပါတယ်။

ရုရှားဟာ ဆီးရီးယား ကိစ္စမှာတုန်းက အမေရိကန်ကို ကန့်ကွက်ခဲ့တဲ့ နိုင်ငံ ဖြစ်ပြီး မြောက်ကိုရီးယား အနေနဲ့ နျူးကလီးယား လက်နက် အားလုံးကို စွန့်လွှတ်ပြီး ဆွေးနွေးပွဲလုပ်ဖို့ ရုရှားက တိုက်တွန်းပါတယ်။

မြောက်ကိုရီးယားဟာ တာလတ်ပစ် မစ်ဇိုင်း ၅ လုံးကို အရှေ့ဘက် ကမ်းရိုးတန်းမှာ နေရာချထားခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဌာနတွေက သုံးသပ်မှန်းဆကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ခုရက်ပိုင်းအတွင်းမှာ ခြိမ်းခြောက်မှုတွေကို ဆက်တိုက် ပြုလုပ်နေပေမဲ့ တနင်းလာနေ့မှာ ပြုလုပ်မယ့် ကိုရီးယားနိုင်ငံရဲ့ ဖခင်ကြီး ကင်အီဆွန်းရဲ့ မွေးနေ့ အထိမ်းအမှတ်ပွဲကိုတော့ ဧည့်သည် အများအပြား တက်ရောက်ဖို့ ဖိတ်ကြားထားတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံကတော့ ကိုရီးယားနှစ်နိုင်ငံ၊ တရုတ်နိုင်ငံ အမေရိကန် ဂျပန် ရုရှားတို့ ပါဝင်ကြမယ့် ခြောက်နိုင်ငံ ဆွေးနွေးပွဲတွေ ပြန်စဖို့တိုက်တွန်းထားပါတယ်။