မာလီ ဒုက္ခသည်တွေရဲ့ အခြေအနေ ဆိုးရွား

  • 12 ဧပြီ 2013
Mali
Image caption စစ်ပြေး မာလီ ဒုက္ခသည်များ

ထောင်သောင်းချီတဲ့ မာလီဒုက္ခသည်တွေဟာ အိမ်နီးချင်း မော်ရီတေးနီးယား နိုင်ငံတွင်းကို ထွက်ပြေးလို့ ကုလသမဂ္ဂက ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတခုမှာ နေထိုင်နေကြပေမယ့် အဲဒီက အခြေအနေတွေဟာ ဆိုးရွားလွန်းလို့ သိပ်ကို ထိတ်စရာ ကောင်းတယ်လို့ ဆေးဘက် ဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့ အစည်း တခုက သတိပေး ပြောကြား လိုက်ပါတယ်။

ဒီကုလသမဂ္ဂဒုက္ခသည်စခန်းကို လူကောင်းအနေနဲ့ ရောက်လာခဲ့ရင်တော့ နာမကျန်း ဖြစ်ကုန်တယ်လို့ အကူအညီတွေပေးနေတဲ့ နယ်စည်း မထားဆရာဝန်များအဖွဲ့ MSF က ပြောလိုက်တာပါ။

လူပေါင်း သုံးထောင် လောက်အတွက်က အသုံးပြုစရာ အိမ်သာက တလုံးပဲ ရှိနေပြီး၊ နောက်ထပ်ရောက်လာတဲ့ သူတွေက ကိုယ့်တဲ ကိုယ်ထိုးနေရတယ်လို့ ပြောပါတယ်။

မော်ရီတေးနီးယားနိုင်ငံရဲ့ အစွန်းဖျားပိုင်းမှာ ရှိတဲ့ အမ်ဘီရာစခန်းမှာဆိုရင် ဒုက္ခသည် ခုနစ်သောင်း ရှိနေတယ်လို့ MSF က ပြောပါတယ်။

အခုအစီရင်ခံစာကိုလည်း အမ်ဘီရာစခန်းက လူ ၁၀၀ ကျော် ကို မေးပြီးမှ ရေးသားထားတာလည်း ဖြစ်ပါတယ်။

မာလီနိုင်ငံမြောက်ပိုင်းက ပြည်သူ တသိန်းကျော်ဟာ ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်ရတာ ဒါမှမဟုတ် ပြည်ပကို ဒုက္ခသည်အဖြစ် ထွက်ပြေးရတာတွေ ရှိနေတယ်လို့ MSF က ပြောပါတယ်။

ဒုက္ခသည်တွေဟာ အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်လောက်မှာ နေထိုင်နေကြရတာဖြစ်ပြီး၊ ရေကလည်း တနေ့ကို ၁၁ လီတာလောက်ပဲ ရကြတယ်လို့ အစီရင်ခံက ထောက်ပြပါတယ်။

အမ်ဘီရာ ဒုက္ခသည်စခန်းမှာ အမ်အက်စ်အက်ဖ်ရဲ့ ဆေးခန်းတွေကိုလာပြသူတွေဟာ တပတ်ကို အရင် ၁၅၀၀ ကနေ ၂၅၀၀ အထိ တိုးတက်လာပြီး၊ အဲဒီမှာ အဟာရပြတ်လို့ လာပြတဲ့ ကလေးအရေအတွက်ဟာ ၄၂ ယောက် ကနေ နှစ်ဆကျော် ၁၀၆ အထိ တက်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက မာလီက သူပုန်တွေကို တိုက်ခိုက်နှိမ်နင်းဖို့ ပြင်သစ်တပ်ဖွဲ့ဝင်တွေက ဝင်တိုက်ခဲ့ပြီးနောက်မှာ ဒုက္ခသည်တွေက ပိုများလာ တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂဘက်ကတော့ အခုလို ထုတ်ဖော် စွပ်စွဲ ပြောဆိုချက်ကို အလေးအနက်ထား စစ်ဆေးနေတယ်လို့ ပြောလိုက်ပြီး နယ်စည်းမထား ဆရာဝန်များအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲက တချို့အချက်တွေကိုတော့ ပြန်မေးခွန်းထုတ်ပါတယ်။

ဒီစခန်းကို ဖွင့်ထားတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ အစီရင်ခံစာပါ တချို့အချက်တွေဟာ လက်ရှိအခြေအနေကို ပြောထားတာ မဟုတ်ဘဲ အချက်အလက်အဟောင်းတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဥပမာအားဖြင့် ဒုက္ခသည်စခန်းမှာ အခုဆိုရင် ရေအိမ် အလုံးပေါင်းက ၂၅၀၀ ကျော် ရှိနေပြီး၊ ဒုက္ခသည် ၃၀ ကို တလုံး အသုံးပြုခွင့် ရှိနေပါတယ်လို့ ထောက်ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ