ရန်လိုမှု လျှော့ချဖို့ မြောက်ကိုရီးယားကို အိုဘားမား ပြောကြား

  • 12 ဧပြီ 2013
Image caption မြောက်ကိုရီးယားရဲ့ ရန်လိုမှုကို လျှော့ဖို့ အိုဘားမား ပြောကြားပြီ

မြောက်ကိုရီးယား အနေနဲ့ ရန်လိုတဲ့ ချဉ်းကပ်မှုတွေကို အဆုံးသတ်ဖို့ သမ္မတ အိုဘားမားက ပန်ကြားလိုက်ပြီး အမေရိကန် ပြည်ထောင်စုဟာ ပြည်သူတွေနဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့ လိုအပ်တာ မှန်သမျှ အကုန် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ ပဋိပက္ခ ဖြစ်လာမှာကို ဘယ်သူမှ မမြင်လိုပါဘူး ၊ မြောက်ကိုရီးယား အနေနဲ့ ရန်လိုမှုတွေ လျော့ချဖို့ အချိန်တန်ပြီလို့ သမ္မတ အိုဘားမားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီးတဲ့နောက် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ဘန် ကတော့ အခြေအနေ တင်းမာမှု လျော့သွားအောင် တရုတ်နိုင်ငံ အနေနဲ့ ကူညီပေးပါလို့ ပန်ကြားလိုက်ပါတယ်။

မြောက်ကိုရီးယား ဖက်က ဒုံးကျည် စမ်းသပ် ပစ်လွှတ် နိုင်တယ် ဆိုပြီး တောင်ကိုရီးယားနဲ့ အမေရိကန် တို့က အမြင့်ဆုံး စိုးရိမ်ရတဲ့ အခြေအနေ သတ်မှတ် ထားကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား အပေါ် ပိတ်ဆို့ အရေးယူမှုကို တုံ့ပြန်တဲ့ အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း အမေရိကန်နဲ့ မဟာမိတ်တွေကို စစ်မက်ပြုမယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။