နီရူဒါ ရုပ်အလောင်း ပြန်စစ်မယ်

  • 14 ဧပြီ 2013
neruda
Image caption ဘီဘီစီရောက် နီရူဒါ

လွန်ခဲ့တဲ့ နှစ် ၄ဝ က ကွယ်လွန်ခဲ့တဲ့ ကမ္ဘာကျော် နိုဘယ်ဆုရ ချီလီ ကဗျာ ဆရာကြီး နီရူဒါရဲ့ ရုပ်အလောင်းကို ချီလီ အာဏာပိုင်တွေက ပြန်လည် တူးဖော် စစ်ဆေးတော့မယ်လို့ သိရပါတယ်။

မစ္စတာ နီရူဒါဟာ ၁၉၂ဝ ကျော်က ရန်ကုန်မှာ ချီလီ ကောင်စစ်ဝန် အဖြစ် ထမ်းဆောင်ခဲ့ပြီး မြန်မာပြည်က ပိတောက်ပန်းတွေနဲ့ မြန်မာ အမျိုးသမီးတွေရဲ့ အလှကို စာကဗျာ ဖွဲ့ခဲ့သူ တယောက် ဖြစ်ပါတယ်။

စစ်ပြီးခေတ်မှာ ဒဂုန်တာရာ စတဲ့ မြန်မာ ကဗျာဆရာတွေက သူ့စာတွေကို မြန်မာပြည်မှာ မိတ်ဆက်ပြန်ဆို ခဲ့ပြီး နီရူဒါရဲ့ စာကဗျာတွေဟာ မြန်မာ စာဖတ် ပရိသတ်ကြားမှာ သြဇာ ရှိလာခဲ့ပါတယ်။

မြန်မာ ကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဒဂုန်တာရာ တို့နဲ့ မော်စကိုမြို့မှာ ၁၉၅ဝ ကျော်က မစ္စတာ နီရူဒါ တွေ့ဆုံ ခဲ့ပြီး မြန်မာပြည်က ပိတောက်ပန်းကို လွမ်းဆွတ်ကြောင်း ပြောကြား ခဲ့ပါတယ်။

နီရူဒါဟာ ၁၉၇၃ က ရွေးကောက်ပွဲနိုင်ပြီး တက်လာတဲ့ ဆိုရှယ်လစ် သမ္မတ အာယန်ဒေးနဲ့ ခင်မင်သူ တယောက် လဲ ဖြစ်ပါတယ်။

အာယန်ဒေးကို ချီလီ ဗိုလ်ချုပ်ကြီး ပီနိုချေးက အာဏာသိမ်းရာမှာ သမ္မတ ကျဆုံးပြီး လက်ဝဲဝါဒီ အများအပြား ဖမ်းဆီး သတ်ဖြတ်နေချိန် အသက် ၆၉ နှစ် အရွယ် မစ္စတာ နီရူဒါ ကွယ်လွန် ခဲ့ပါတယ်။

အာဏာသိမ်းပြီး ၁၂ ရက် အကြာမှာ နီရူဒါ ကွယ်လွန်စဉ်က အနီးမှာ ရှိကြသူတွေက သူ့ကို အာဏာရှင် ပီနိုချေး အစိုးရက ဆေးထိုး သတ်ဖြတ်တယ်လို့ စွပ်စွဲ ခဲ့ကြ ပေမယ့် ဆီးကျိတ် ကင်ဆာနဲ့ ကွယ်လွန်တယ် လို့ပဲ ချီလီ အစိုးရက ကြေညာ ခဲ့ပါတယ်။

၂ဝ၁၁ ခုနှစ်က မစ္စတာ နီရူဒါရဲ့ ကားမောင်းသူနဲ့ ကိုယ်ရေး အရာရှိ မင်ညူရယ် အာရာယားက ကဗျာ ဆရာကြီး ဆေးထိုး သတ်ဖြတ် ခံရတယ်လို့ စွဲချက် တင်ခဲ့အပြီးမှာ ချီလီ အစိုးရက စုံစမ်း စစ်ဆေးမှုတွေ စတင် ခဲ့ပါတယ်။

နီရူဒါက သူ့ကို ဆေးရုံက ဖုန်းဆက် ခေါ်ကြောင်း၊ သူ့ဗိုက်ကို ဆေးထိုး ခံရပြီးနောက် မမာမကျန်း ဖြစ်ခဲ့တယ်လို့ သူ့ကို ပြောကြောင်း မစ္စတာ အာရာယားက ပြန်ပြောင်း ပြောပြပါတယ်။

ချီလီ ကွန်မြူနစ် ပါတီကလဲ မစ္စတာ နီရူဒါမှာ ကင်ဆာ ရောဂါ မရှိပါဘူးလို့ ဆိုပါတယ်။

အခုတော့ သူ့ဇနီးသည် အုတ်ဂူ နံဘေးမှာ မြှုပ်ထားတဲ့ သူ့ရုပ်ကြွင်းကို ပြန်ဖော်ပြီး အမေရိကန် ပြည်ထောင်စု မြောက် ကယ်ရိုလိုင်းနား ပြည်နယ်မှာ စမ်းသပ် စစ်ဆေး နေပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ပီနိုချေး လက်ထက် ၁၇ နှစ် ကာလမှာ လူ သုံးထောင်ကျော် သုတ်သင် သတ်ဖြတ် ခံခဲ့ရပါတယ်။