ဘော့စတွန် မာရသွန် ပေါက်ကွဲမှု ၂ယောက်သေ အများအပြား ဒဏ်ရာရ

  • 15 ဧပြီ 2013
Image caption ပန်းဝင်တဲ့ နေရာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့

အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့က မာရသွန် ပြိုင်ပွဲမှာ ပန်းဝင်တဲ့ နေရာနားမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု နှစ်ခု စက္ကန့် နည်းနည်းဘဲခြားပြီး ဖြစ်ပွားခဲ့ပါတယ်။

မပေါက်ကွဲ သေးတဲ့ ဗုံးနှစ်လုံးကိုလည်း ရဲက တွေ့ရှိခဲ့ပြီး စနက်တန် ဖြုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူနှစ်ယောက် သေဆုံးသွားပြီး ၂၃ယောက် ဒဏ်ရာရခဲ့တယ် လို့ ရဲက ပြောပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းလောက် တုန်းက အိမ်ဖြူတော်ကနေ သမ္မတ အိုဘားမား မိန့်ခွန်း ပြောခဲ့ကြားခဲ့ရမှာ အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို ချီးကျူး စကား ဆိုခဲ့သလို ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ အပြည့်အဝ ဆောင်ရွက်သွားဖို့ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ကို အမိန့် ပေးထားတယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေ အနေနဲ့ လုံခြုံရေးကို ဆက်လက် စိုးရိမ်ရဆဲ အခြေအနေ အဖြစ် သတ်မှတ် ထားတုန်းဘဲလို့ ဘော်စတွန် ရဲမင်းကြီး အက်ဒွပ် ဒေးဗစ်စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လူတွေ အနေနဲ့ အိမ်ထဲမှာ နေပြီး လူစုလူဝေး နေရာတွေကို သွားတာ ရှောင်ကြဖို့ ရဲမင်းကြီးက ပန်ကြားထား ပါတယ်။

ဒါ့အပြင် ဒီပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့ နေရာနဲ့ငါးကီလို မီတာ အကွာမှာ ရှိတဲ့ ဂျေအက်ဖ်ကေ စာကြည့်တိုက်မှာလည်း မီးလောင်မှု တခု ဖြစ်ခဲ့တယ်လို့ သိရပြီး ပေါက်ကွဲမှုတော့ မဟုတ်ဘူးလို့ ရဲက ပြောပါတယ်။

ဒီနေ့ဟာ အမေရိကန် ပြည်ထောင်စု မန်ဆာချူးဆက် ပြည်နယ်မှာ မျိုးချစ်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့ နေ့အဖြစ် ရုံးပိတ်ရက် ဖြစ်ပြီး မာရသွန် အပြေးပြိုင်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီမာရသွန် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းသူ ၂၅၀၀၀ လောက်ရှိပြီး ယူကေက ပါဝင် ယှဉ်ပြိုင်သူ ၃၇၄ ယောက် ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ