ကျောက်ကပ်ကို ဓါတ်ခွဲခန်းမှာ ဖန်တီးနိုင်ပြီ

  • 15 ဧပြီ 2013
Image caption လူ ဖန်တီးယူတဲ့ ကျောက်ကပ်

အမေရိကန် သိပ္ပံပညာရှင်တွေဟာ တကယ့်ကျောက်ကပ်လို အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်တခုကို ဓါတ်ခွဲခန်းမှာ ဖန်တီး တည်ဆောက်နိုင်ခဲ့ကြပါတယ်။

ကြွက်ရဲ့ ကျောက်ကပ်ဆဲလ်ကို ယူပြီး အင်ဂျင်နီယာ နည်းပညာနဲ့ ကျောက်ကပ်ကို တည်ဆောက်ယူခဲ့တာပါဖြစ်ပါတယ်။

ဒီကျောက်ကပ်ကို ကြွက်မှာ အစားထိုးကုသလို့ အောင်မြင်တယ်ဆိုရင် ဒါဟာ ကျောက်ကပ်ပျက်စီးလို့ ကျောက်ကပ်ဆေး Dialysis လုပ်နေရတဲ့ ဝေဒနာရှင်တွေ အတွက် မျှော်လင့်ချက် အများကြီး ရှိစေမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကျောက်ကပ်ပျက်စီးတဲ့ ရောဂါဖြစ်နေသူ တသိန်းလောက်ရှိပြီး သူတို့ဟာ ကျောက်ကပ်အစားထိုးကုသဖို့ စောင့်နေကြသူတွေ ဖြစ်ပါတယ်။

အဲဒီလို ကျောက်ကပ်အလှူရှင် စောင့်နေတဲ့အထဲက နှစ်စဉ် ငါးထောင်ကနေ တသောင်းလောက်အထိ အသက်ဆုံးရှုံးနေကြရပါတယ်။

ဓါတ်ခွဲခန်းမှာ ဖန်တီးယူတဲ့ ကျောက်ကပ်ကို ကြွက်မှာ အစားထိုးလို့ အောင်မြင်ရင် လူတွေမှာ လည်း အလားတူ အစားထိုးနိုင်မှာ ဖြစ်တယ်၊ လူနာတွေဟာ ကိုယ်ရဲ့ ဆဲလ်ကနေ ဖန်တီးယူတဲ့ ကျောက်ကပ်နဲ့ အစားထိုးကုသနိုင်မှာ ဖြစ်လို့ အရင်လို အလှူရှင်ကို စောင့်စရာ မလိုတော့ဘူးလို့ အခု လေ့လာမှုကို ဦးဆောင်တဲ့ Dr Harald Ott က ပြောပါတယ်။

ဓါတ်ခွဲခန်းမှာ မွေးကင်းစ ကြွက်ရဲ့ ကျောက်ကပ်ဆဲ၊ လူ့သွေးကြောနံရံက ဆဲလ် တွေနဲ့ ဇီဝနည်းပညာ ကွန်ပြူတာနည်းပညာတွေနဲ့ ကျောက်ကပ်ကို ဖန်တီးတည်ဆောက်ယူခဲ့တာ ဖြစ်ပါတယ်။

လူတွေမှာ ဒီနည်းပညာ အသုံးပြု လာနိုင်ပြီ ဆိုရင် ကိုယ်ပိုင် ဆဲလ်တွေကနေ အင်္ဂါအသစ် တည်ဆောက် တပ်ဆင် နိုင်တော့မှာမို့ အစားထိုး တပ်ဆင်မှု မအောင်မြင်တာ၊ သူများ ကျောက်ကပ်ကို လူနာရဲ့ ခန္ဓာက လက်မခံတာမျိုးတွေ ယုတ်လျော့သွားနိုင်လိမ့်မယ်လို့ Nature Medicine သဘာဝ ဆေးပညာ ဂျာနယ်မှာ ရေးသား ထားပါတယ်။