ဗင်နီဇွဲလား ရွေးကောက်ပွဲ ယာယီ သမ္မတ အနိုင်ရကြောင်း ကြေညာ

  • 16 ဧပြီ 2013
Image caption အတိုက်အခံ ခေါင်းဆောင် ကတ်ပရီလေ

ဗင်နီဇွဲလား နိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက သမ္မတ ရွေးကောက်ပွဲမှာ ပွတ်ကာသီကာ အနိုင်ရသွားတာတွေ ၊ မဲပြန် ရေတွက်ဖို့ တောင်းဆိုမှုတွေ ရှိနေ ပေမယ့်လည်း Nicolas Maduro က အနိုင်ရသူ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

မစ္စတာ မဒူရိုဟာ ၅ဝ.၇ ရာနှုန်းနဲ့ ၄၉.၁ ရာနှုန်းသာ ရတဲ့ သူ့အဓိက ပြိုင်ဖက် Henrique Capriles ကို အနိုင်ရသွားခဲ့တာ ဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

ကွယ်လွန်သူ သမ္မတဟောင်း ဟူဂို ချာဗက်ခ်က သူ့အရိုက်အရာ ဆက်ခံသူ အဖြစ် မစ္စတာ မဒူရိုကို ရွေးချယ် ခန့်ထားခဲ့တာ ဖြစ်ပြီး အခု ရွေးကောက်ပွဲ ရလဒ်ကို လေးစား လိုက်နာဖို့ အစောပိုင်းတုန်းက မစ္စတာ မဒူရိုက ပန်ကြားခဲ့ပါတယ်။

ဒါပေမယ့် ဗင်နီဇွဲလား နိုင်ငံမှာ မဲတွေ အားလုံး ရေတွက်လို့ မပြီးသေးခင် ယာယီ သမ္မတ နီကိုလပ် မဒူရို အနိုင်ရတယ်လို့ မကြေညာဖို့ အတိုက်အခံ ခေါင်းဆောင် အန်နရီကေ ကတ်ပရီလေ က ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုခဲ့တာ ဖြစ်ပြီး မစ္စတာ မဒူရို အနိုင်ရကြောင်း ကြေညာရင် တနိုင်ငံလုံး စုရုံး ချီတက်ဆန္ဒပြမယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ကာရာကတ်စ်မြို့မှာ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ဆန္ဒပြတဲ့ ရာနဲ့ချီတဲ့ မစ္စတာ ကတ်ပရီလေ ထောက်ခံသူတွေကို ရဲက မျက်ရည်ယို ဗုံးနဲ့ လူစု ခွဲခဲ့ပါတယ်။

အမေရိကန် အစိုးရနဲ့ အဖွဲ့အစည်းတွေကတော မဲရလဒ်တွေ ပြန်လည် စီစစ်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။