အင်အားပြင်းတဲ့ ငလျင်ကြီးတခု အီရန်မှာ လှုပ်ခတ်ခဲ့

  • 16 ဧပြီ 2013
Image caption သေဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်လို့ အီရန် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြော

ပါကစ္စတန်နိုင်ငံနဲ့ ကပ်ရက် နယ်စပ် အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ အင်အား အလွန်ပြင်းတဲ့ ငလျင်တခု လှုပ်ခတ် သွားပါတယ်။

ဝေးလံ ခေါင်သီတဲ့ Sistan baluchistan ပြည်နယ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အဲဒီ ငလျင်ဟာ ပြင်းအား ၇ဒဿမ ၈ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနက ပြောပါတယ်။

ငလျင်ကြောင့် အနည်းဆုံး လူ၄၀ သေဆုံးခဲ့တယ်လို့ အီရန် အစိုးရ ရုပ်မြင်သံကြားက ကြေညာသွားခဲ့ပါတယ်။

ဒါပေမယ့် သေဆုံးသူ အရေအတွက်ဟာ ဒါ့ထက် ပိုများလာနိုင်တယ်လို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံဘက်ခြမ်းမှာလည်း ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ ၁၃ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

အဲဒီ ငလျင်ကြောင့် ဒေသတဝှမ်းကိုလည်း တုန်ခါမှုတွေ ဖြစ်ခဲ့ရာမှာ အိန္ဒိယနဲ့ ပင်လယ်ကွေ့နိုင်ငံတွေမှာ မိုးမျှော် အဆောက်အအုံတွေ ယိမ်းထိုး လှုပ်ခါသွားခဲ့ပြီး လူတွေ လမ်းမတွေပေါ် ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီငလျင်ဟာ နှစ်ပေါင်း ၄၀အတွင်း အီရန်မှာ လှုပ်ခဲ့တဲ့ ငလျင်တွေထဲမှာ အကြီးဆုံး ဖြစ်တယ်လို့ တီဟီရန်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။