ဆီးနိတ်ကို အဆိပ်ပါတဲ့စာပို့

  • 17 ဧပြီ 2013
capitol
Image caption လွှတ်တော်ကို လာတဲ့ စာတိုင်းကို စမ်းသပ် စစ်ဆေး

အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် တယောက် ဆီကို ပို့တဲ့ စာအိတ် တအိတ်မှာ သေစေနိုင်တဲ့ ရစ်ဆင် အဆိပ် ပါရှိတာကို စုံစမ်း တွေ့ရပြီး ဝါရှင်တန် မြို့တော် က စာတိုက် တခုမှာ ဒီစာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မစ္စစ္စပီ ပြည်နယ်က ဆီးနိတ် အမတ် ရော်ဂျာ ဝစ်ကာဆီကို လိပ်မူပြီး ပို့တဲ့စာ ဖြစ်ပြီး တင်နက်ဆီ ပြည်နယ် မင်းဖစ်မြို့ စာတိုက်က လာတယ်လို့ သိရပါတယ်။

ပထမ တခါ ပုံမှန် စစ်ဆေးမှု မှာကထဲက ဒီစာမှာ အဆိပ်ပါတာ ခြေရာခံ တွေ့ရှိခဲ့ပြီး နောက်ထပ် ၂ ခါ ထပ်စစ်တော့လဲ အဆိပ်ရှိ ကြောင်း အဖြေက ထွက်နေပါတယ်။

ဒါကြောင့် နောက်ထပ် စမ်းသပ် စစ်ဆေးမှုတွေ လုပ်ဖို့ ဓာတ်ခွဲခန်း ပို့ခဲ့ရပါတယ်။

ဒီစာတစောင်ထဲ ရောက်လာတာ ဖြစ်ကြောင်း ဆီးနိတ် လူများစု ခေါင်းဆောင် ဟယ်ရီ ရိဒ်က ဆိုပါတယ်။

ကြက်ဆူသီးက ထွက်တဲ့ ရစ်ဆင် တစက်ကြောင့် လူတယောက် အသက်ဆုံး နိုင်တဲ့ထိ အဆိပ်ပြင်းတယ်လို့လဲ သိရပါတယ်။

၂ဝဝ၁ ခုနှစ်က ထောင့်သန်း ရောဂါပိုး ပါတဲ့ စာအိတ်ကို အထက် လွှတ်တော် အမတ် ၂ ယောက်ဆီ ပို့တဲ့ ကိစ္စ ဖြစ်ပြီး နောက်ကစပြီး လွှတ်တော်ကို လာတဲ့ စာတိုင်းကို စမ်းသပ် စစ်ဆေး နေရပါတယ်။