မာဂရက်သက်ချာ အသုဘ ဘုရင်မကြီး တက်

  • 17 ဧပြီ 2013
Thatcher Funeral
Image caption မာဂရက်သက်ချာရဲ့ ခေါင်းတလားကို လူထုက ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်းနဲ့ ဗြိတိန်ရဲ့ တဦးတည်းသော အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်တဲ့ မာဂရက်သက်ချာရဲ့ အသုဘ အခမ်းအနားကို လန်ဒန်မြို့တော်က စိန်ပေါ ဘုရားရှိခိုးကျောင်းမှာ ကျင်းပခဲ့တာမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် တက်ရောက်ခဲ့ပါတယ်။

လူ့အသိုင်းအဝိုင်းနဲ့ လူသားတဦးချင်းအတွက် မူဝါဒတွေချဖို့ ငြင်းခုံရတာတွေနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ရဲ့ သက်ရောက်မှုတွေကို အကဲဖြတ်ရတာတွေဟာ အရေးကြီးပေမယ့် ဒီကနေ့ကတော့ ဒါတွေလုပ်ဖို့ မဟုတ်ဘူးလို့ လန်ဒန်မြို့တော်ရဲ့ အင်္ဂလီကန် ဂိုဏ်းအုပ် ဘုန်းတော်ကြီး ရစ်ချတ် ချတ်ထရီးစ်က ပြောပါတယ်။

မစ္စစ် သက်ချာက အသုဘ အခမ်းအနားသာ ကျင်းပစေလိုပါတယ်၊ နိုင်ငံရေးသမားဆိုရင် အကဲဖြတ်ဖို့ လိုပေမယ့် ဒီအချိန်မှာတော့ မလုပ်တော့ဘဲ လူသားတိုင်း တနေ့သွားကြရမယ့် လမ်းကို မြန်းသွားသူမို့ အမှန်တရား သန်ရာမှာ အငြင်းကို သတ်လို့ မျှော်လင့်ချက်တွေ ရှင်သန်ကြပါစို့လို့ ဂိုဏ်းအုပ် ဘုန်းကြီးက ပြောပါတယ်။

ကမ္ဘာတဝန်းက နိုင်ငံအကြီးအကဲ နှစ်ဦး၊ ဝန်ကြီးချုပ် ၁၁ ဦးနဲ့ စုစုပေါင်း လူ ၂၀၀၀ လောက် အသုဘ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

ဗြိတိသျှယူနီဂျက်အလံ လွှမ်းခြုံထားတဲ့ ခေါင်းတလားကို လက်နက်ကိုင် အစောင့်အရှောက်နဲ့ မြင်းဆွဲရထားနဲ့ သယ်ဆောင်လာတာကို လူထုက သြဘာပေး ဂုဏ်ပြုခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို ကန့်ကွက် ဆန္ဒပြသူ တချို့ကတော့ ခေါင်းတလားသယ်ရာ လမ်းမှာ ကျောပေးရပ်လို့ ရှုံ့ချ အော်ဟစ်ခဲ့ကြပါတယ်။

ကမ္ဘာကြီးရဲ့ လေးစားမှုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မဟာခေါင်းဆောင်မျိုး ဖြစ်တဲ့အတွက် မာဂရက် သက်ချာရဲ့ နိုင်ငံတော်အဆင့် ကျင်းပတဲ့ အသုဘအခမ်းအနားဟာ ထိုက်တန်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။

လေဖြတ်ဝေဒနာကို ခံစားပြီးနောက် အသက် ၈၇ နှစ်မှာ မာဂရက် သက်ချာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀ ရာစုရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ၁၁ နှစ်ကြာ ဗြိတိန် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ မာဂရက် သက်ချာဟာ သူ့လက်ထက်မှာ အစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် အုံနဲ့ကျင်းနဲ့ ပြုလုပ်ခဲ့သလို၊ အစိုးရပိုင် အိမ်ရာတွေကိုလည်း အိမ်ငှားတွေကို ရောင်းချပေးခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ ဖြစ်ပွားခဲ့တဲ့ ဖောက်ကလန်စစ်ပွဲကို အနိုင် တိုက်ခဲ့ပြီး၊ ဆိုးတဲ့ဘက်ကတော့ အလုပ်သမားသမဂ္ဂတွေကို အလွန်အမင်း ထိန်းချုပ်ခဲ့တာ သတ္ထုတွင်း အလုပ်သမားတွေရဲ့ ကာလရှည်ကြာ သပိတ်ကြီးကို ထိပ်တိုက် ရင်ဆိုင်တာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။