သေနတ် ထိန်းချုပ် ဥပဒေ အတိုက်အခံတွေကို အိုဘားမား ဝေဖန်

  • 18 ဧပြီ 2013
အမေရိကန် သမ္မတ အိုဘားမား

အမေရိကန်မှာတော့ သေနတ် ဝယ်ယူသူတွေရဲ့ နောက်ကြောင်း ရာဇဝင် စစ်မယ့် ဥပဒေကြမ်းကို ဆီးနိတ် အထက် လွှတ်တော်က ပယ်ချလိုက်တဲ့အတွက် သေနတ် အခွင့်အရေးသမားတွေ အတွက် အောင်ပွဲဖြစ်သလို သမ္မတ အိုဘားမား အတွက်တော့ ရှုံးနိမ့်မှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။

တကယ်တော့ ဒီသေနတ် ဥပဒေမူကြမ်းကို ပါတီ နှစ်ခုစလုံးက ညှိနှိုင်းပါဝင်ပြီး တင်ခဲ့တာ ဖြစ်ပြီး ဒီမူကြမ်းထဲမှာ သေနတ် ဝယ်ယူသူတွေရဲ့ နောက်ကြောင်းကို စစ်မယ့်အပြင် မောင်းပြန် သေနတ်တွေ နဲ့ ပြင်းအားမြင့် ကျည်ကပ်တွေ ရောင်းချမှုကို ပိတ်ပင်ဖို့ တွေလည်း ပါဝင်ပါတယ်။

ဒါပေမယ့် ကျေးလက်ဒေသတွေက ဒီမိုကရက်အမတ်တွေ၊ သေနတ်ကိုင်ခွင့် အားပေးတဲ့ ပြည်နယ်တွေက အမတ်တွေက ဒီဥပဒေကြမ်းကို ပယ်ချချင်တဲ့ အတိုက်အခံ ရီပတ်ဘလစ်ကင် အမတ် အများစုနဲ့ ပူးပေါင်းပြီး အခုလို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဆီးနိတ်အထက်လွှတ်တော်ထဲမှာ အတည်ဖြစ်ဖို့ မဲ ၆၀ အလိုနဲ့ ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

အကြမ်းဖက် ပစ်ခတ် သတ်ဖြတ် ခံခဲ့ရသူတွေရဲ့ ဆွေမျိုးတွေလည်း လွှတ်တော်ထဲကို လာရောက်ခဲ့ပြီး မဲခွဲအပြီး ဒီဥပဒေ အတည်မဖြစ်တဲ့ အခါမှာတော့ တချို့က ဒေါသတကြီး အော်ဟစ် ဝေဖန်ခဲ့ကြပါတယ်။

ဒီလို ပယ်ချခဲ့မှုဟာ သမ္မတ အိုဘားမားအတွက်လည်း ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်တဲ့ အပြင် တကယ်လို့ ဒီဥပဒေ အတည်ဖြစ်ရင် သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုကို တားဆီးနိုင်ဖို့ဟာ သမ္မတ အိုဘားမား ရည်ရွယ်ခဲ့တဲ့ ၊ သူ့ရဲ့ပြည်တွင်းရေး မူဝါဒတွေထဲမှာ ဦးစားပေးလုပ်မယ့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီဥပဒေ အတည်မဖြစ်အောင် စည်းရုံးခဲ့ကြသူတွေနဲ့ သူတို့ မဟာမိတ်တွေဟာ တကယ်တော့ ဥပဒေအပေါ် လူတွေရဲ့ အမြင်လွဲမှားအောင် တမင်သက်သက် လိမ်လည် လှည့်ဖျား ခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက စွပ်စွဲလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ အကြမ်းဖက် သေနတ်ပစ်ခတ်မှုတွေ တိုက်ဖျက်ဖို့ ဆက်လက် ကြိုးစားသွားမယ်လို့ သမ္မတက ပြောပါတယ်။

အမေရိကန်မှာ လောလောဆယ် သေနတ်ဝယ်ယူသူရဲ့ နောက်ကြောင်း ရာဇဝင် စစ်ဆေးတာဟာ ဗဟိုအစိုးရက ချပေးထားတဲ့ လိုင်စင်သမားတွေရဲ့ ရောင်းချမှုတွေကိုပဲ စစ်ဆေးနိုင်တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ လူ ၉၀ ရာခိုင်နှုန်းက နောက်ကြောင်း ရာဇဝင်စစ်ဆေးဖို့ သဘောတူကြတယ်လို့ စစ်တမ်းတွေကလည်း ဆိုသလို သမ္မတ အိုဘားမားကလည်း ဒီအချက်ကို ထောက်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ