ပါကစ္စတန်သမ္မတဟောင်း မူရှရတ်ဖ်ကို ဖမ်းမိန့်ထုတ်

  • 18 ဧပြီ 2013
Image caption တရားရုံး ထွက်သွားတဲ့ မူရှရတ်ဖ်

ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့တရားရုံးမှာ တရားသူကြီးတွေက သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှရတ်ဖ်ကို အာမခံပေးဖို့ ငြင်းဆန်ပြီး ဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့ပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး မူရှရတ်ဖ်ဟာ တရားရုံးကနေ ထွက်သွားခဲ့ပါတယ်။

မူရှရတ်ဖ်ဟာ သူ့ကိုယ်ရံတော်တွေနဲ့ အတူ တရားရုံးကနေ ထွက်သွားခဲ့ပြီး သူ့ရဲ့ ကျည်ကာ Bullet Proof ကားနဲ့ အစ္စလမ်မာဘတ် မြို့ဆင်ခြေဖုံးက အစောင့်အရှောက် ထူထူထပ်ထပ် ချထားတဲ့ ယာတောအိမ်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် အာဏာပိုင်တွေက သူ့ကို ဖမ်းဆီးဖို့ ပြင်ဆင်နေတဲ့ လက္ခဏာ မတွေ့ရသေးဘူးလို့ အဲဒီအိမ် အပြင်ဘက်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မူရှရတ်ဖ်ရဲ့ ရှေ့နေတွေကတော့ တရားရုံးချုပ်မှာ ဖမ်းဆီးမိန့်ကို အယူခံတင်နေခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီလို ဖမ်းမိန့်ထုတ်တာဟာ တရားရေး ဌာနရဲ့ မကောင်းတဲ့ စိတ်ရင်းအခံနဲ့ ပုဂ္ဂိုလ်ရေး လက်စားချေမှုမျိုးလို့ မူရှာရတ်ဖ်ရဲ့ ရုံးက ထုတ်ပြန်ပါတယ်။

အမှုစွဲဆိုရခြင်းရဲ့ အကြောင်းရင်းခံ ကတော့ ၂ဝဝ၇ ခုနှစ်က အရေးပေါ် အုပ်ချုပ်ရေး ကြေညာစဉ်က တရားသူကြီးချုပ် အပါအဝင် တရားသူကြီးတွေကို ထုတ်ပယ်ဖို့ မူရှာရတ်ဖ် ဆုံးဖြတ် ခဲ့တာကြောင့်ပါ။

နိုင်ငံတော် သစ္စာဖောက်မှု အပါအဝင် တခြား ရာဇဝတ်မှုတွေနဲ့လဲ သူ့ကို စွဲဆို ထားပါတယ်။

နောက်လ ရွေးကောက်ပွဲကြီးမှာ သူ့ရဲ့ ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ်ကနေ ဝင်ပြီး ပြိုင်ဖို့ မစ္စတာ မူရှာရတ်ဖ် နိုင်ငံခြားကနေ အရင်လကမှ ပြန်လာခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် ဒီဖမ်းဝရမ်းက သူ့ကို ရွေးကောက်ပွဲ ဝင်မရအောင် ဟန့်တားတာလို့ ယူဆကြပါတယ်။

ဒီဖမ်းမိန့်ကြောင့် ရွေးကောက်ပွဲ မထိခိုက်စေဖို့ ကြားဖြတ် အစိုးရမှာလဲ အင်မတန်မှ အကျပ်အတည်း ဖြစ်နေပါတယ်။

တဘက်ကလဲ ပါကစ္စတန်မှာ အင်မတန် သြဇာကြီးပြီး နိုင်ငံရေးမှာ လက်ရှောင်နေတဲ့ စစ်တပ်အတွက် ဦးစီးချုပ်ဟောင်း မူရှရတ်ဖ် ကိစ္စမှာ ဝင်စွက်ဖက်ဖို့ အကျပ်ဆိုက်ပြန်ပါတယ်။

သူ့ကို ဖမ်းရင်တောင်မှ နေအိမ် အကျယ်ချုပ်ပဲ ချဖို့က များနေပြီး ပါကစ္စတန်မှာ စစ်အာဏာရှင်ဟောင်း တယောက်ကို ပထမဆုံး အကြိမ် ဖမ်းဆီးမှု ဖြစ်သွားမှာပါ။

သူဝင်ပြိုင်ဖို့ လျှောက်ထားတဲ့ ၄ နေရာလုံးမှာလဲ ကော်မရှင်က ပယ်ချ ခဲ့သလို နိုင်ငံခြား ထွက်ခွင့်လဲ ပိတ်ပင်ခံထားရပါတယ်။

သူ့ကို ဒီလို ဖမ်းမိန့်ထုတ်တာကို ရပ်ဆိုင်းပြီး တရားဥပဒေကို လိုက်နာဖို့ သူ့ရဲ့ ရုံးက တောင်းဆို သတိပေးထားပြီး ဒီလို နိုင်ငံရေး မတည်ငြိမ်တဲ့ အချိန်မှာ သူ့ကို ဖမ်းဖို့ ကိစ္စကို အာဏာပိုင်တွေက ကြည်ကြည်ဖြူဖြူ ရှိမှာ မဟုတ်ဘူးလို့ ခန့်မှန်း နေကြပါတယ်။

၂ဝဝ၇ ခုနှစ်ထိ မူရှာရတ်ဖ် လက်အောက်မှာ ရှိခဲ့တဲ့ ပါကစ္စတန် စစ်တပ်က ခုလို သူ့ရဲ့ နိုင်ငံရေး နန်းကျချိန်မှာ ဘာမှ ဝင်ပြီး မစွက်ဖက်သေးပေမယ့် ဒီလို ဦးစီးချုပ်ဟောင်း တယောက် ထောင်နန်းစံရမှာ၊ စစ်သွေးကြွတွေက လုပ်ကြံခံရတဲ့ အခြေအနေမျိုးထိ အဖြစ်ခံမှာ မဟုတ်ဘူးလို့ ယူဆသူတွေလဲ ရှိနေပါတယ်။