ဘော်စတွန် မာရသွန် ဗုံးခွဲ သမားကို ရဲတွေ လိုက်ရှာ

  • 19 ဧပြီ 2013
Police Hunt Suspected bomber Dzhokhar Tsarnaev
Image caption ဗုံးခွဲမှု အတွက် သံသယ ရှိသူ ကို ရဲတွေ ပိတ်ဆို့ ရှာဖွေနေ

အမေရိကန် ပြည်ထောင်စု ဘောစတွန် မြို့က မာရသွန် ပြေးပွဲမှာ ဒီတပတ် စောစောပိုင်းက ဗုံးခွဲ တိုက်ခိုက်ခဲ့ တယ်လို့ မသင်္ကာသူ နှစ်ယောက်ထဲက ကျန် တစ်ယောက်ကို ဘော်စတွန် ရဲတွေက ပိုက်စိပ်တိုက် ရှာဖွေ နေ ပါတယ်။

သူက အသက် ၁၉ နှစ် အရွယ် ဂျော့ခ်ဟာ ဆာနာယက်ဖ် Dzhokhar Tsarnaev ဆိုသူ ဖြစ်ပြီး ချက်ချ်ညာ လူမျိုး ဖြစ်တယ်လို့ ယူဆရ ပါတယ်။

အဲဒီ လူဟာ လက်နက် ကိုင်ဆောင် ထားတယ်လို့ ရဲတွေက သတိပေး ထားပြီး လူတွေကို နေအိမ် ထဲကနေ အပြင် မထွက်ဖို့ ရဲတွေက ပြောပါတယ်။

မက်ဆာ ချူးဆက် ဒေသမှာ သယ်ယူ ပို့ဆောင်ရေးတွေ အားလုံး ရပ်ဆိုင်း ထားပြီး ပိုက်စိပ်တိုက် ရှာနေတဲ့ ဝါးတားတောင်း ဒေသမှာလဲ ကားအဝင် အထွက်တွေ ပိတ်ထား ပါတယ်။

ဆိုင်တွေ အားလုံး ကိုလည်း ပိတ်ထားဖို့ ရဲတွေက အကြံပြု ထားပါတယ်။

ဗုံးခွဲမှု အတွက် မသင်္ကာသူ နောက်တစ် ယောက်ကတော့ ပြီးခဲ့တဲ့ ညက ရဲတွေနဲ့ ပစ်ခတ်မှု ဖြစ်ခဲ့ ပြီးတဲ့နောက် သေဆုံး သွားခဲ့ ပါတယ်။

သူဟာ ရဲတွေ လောလောဆယ် လိုက်လံ ရှာဖွေနေတဲ့ ဂျော့ခ်ဟာ ဆာနာယက်ဖ် Dzhokhar Tsarnaev ရဲ့ ညီအစ်ကို တော်သူ တာမယ်ရ်လိန်း Tamerlan ဖြစ်တယ်လို့ ယူဆရ ပါတယ်။

Image caption မက်ဆာချူးဆက်မှာ ရဲအရာရှိ တစ်ယောက် ပစ်သတ် ခံခဲ့ရ

ဝါးတားတောင်းမှာ ရဲနဲ့ သေနတ်သမား အပြန်အလှန် ၁ဝ မိနစ်လောက် ပစ်ခတ် ကြတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

သေနတ် သမား ဘက်က ဗုံးနဲ့ ပေါက်လို့ ရဲအရာရှိ တစ်ယောက် အပြင်း အထန် ဒဏ်ရာ ရခဲ့ ပါတယ်။

ကြာသပတေးနေ့ညက မက်ဆာချူးဆက် စက်မှု တက္ကသိုလ် ဝင်းထဲမှာ ရဲအရာရှိ တယောက် ပစ်သတ်ခံရပြီး နောက်ပိုင်း အသည်းအသန် ရှာဖွေ နေကြတာ ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ လူတစ်ယောက်ကို ရဲတွေက ဝိုင်းထားတဲ့ ဗီဒီယို တွေလည်း ထွက်လာပါတယ်။ နောက်ထပ်လည်း လူတစ်ယောက်ကို ရဲကားဆီ ခေါ်သွားတဲ့ ဗီဒီယိုတွေလည်း ထွက်လာ ပါတယ်။

သေဆုံးသူ သေနတ် သမားမှာလည်း သေနတ် ဒဏ်ရာတွေ အမြောက်အမြားနဲ့ ဆေးရုံ ရောက်လာပြီး အသက် ကယ်ဖို့ ကြိုးစားပေမဲ့ မရ လိုက်ဘူးလို့ ဆေးရုံ တာဝန်ကျ ဆရာဝန် ဒေါက်တာ ရစ်ချတ် ဝုလ်ဖ်က ဆိုပါတယ်။

အခုထိ မမိ သေးတဲ့ သူဟာ အကြမ်းဖက် သမား ဖြစ်တယ်လို့ ရဲက ယူဆထား ပါတယ်။

ရဲက လိုက်ရှာ နေသူရဲ့ နောက်ကြောင်း

Image caption မာရသွန် ဗုံးခွဲ မှုမှာ မသင်္ကာ ခံရသူ ဂျော့ခ်ဟာ ဆာနာယက်ဖ်

ရဲတွေက လိုက်လံ ရှာဖွေ နေတဲ့ ဂျော့ခ်ဟာ ဆာနာယက်ဖ် ဟာ ကော့ကေးဆပ် ဒေသက ချေချင်ညာ Chechnya အနီး ဒါဂက်စတန် Dagestan မှာ ပညာ သင်ယူခဲ့ ပြီးတဲ့နောက် အမေရိကန် ကို ပြောင်းရွှေ့ လာသူလို့ ယူဆရ ပါတယ်။

အဲဒီ ဒေသက ခွဲထွက်ရေး သမားတွေနဲ့ အစ္စလာမ်မစ် စစ်သွေးကြွ တွေဟာ ရုရှား နိုင်ငံကို ပစ်မှတ်ထား ခဲ့ကြတာ ကာလ ကြာရှည် ရှိခဲ့ပါပြီ။ ရုရှားကလည်း ချေချင်ညာ မှာ စစ်ပွဲနှစ်ခု ဆင်နွှဲခဲ့ ပါတယ်။

ရုရှား နိုင်ငံမှာ လူတွေ ရာနဲ့ချီ သေဆုံး ခဲ့ရတဲ့ ဘာစလန် Baslan စာသင်ကျောင်း စီးနင်းမှုရဲ့ နောက်ကွယ် မှာလည်း ချေချင်ညာ သူပုန်တွေ ပါဝင် ပတ်သက်ခဲ့ ပါတယ်။

၂၀၁၀ ခုနှစ်က Metro မြေအောက် ရထား တွေကို တိုက်ခိုက် ခဲ့မှု မှာလည်း ဒါဂက်စတန်က စစ်သွေးကြွ တွေရဲ့ လက်ချက်လို့ ရုရှား အစိုးရက စွပ်စွဲ ပါတယ်။

အခု ဘော်စတွန်က တိုက်ခိုက်မှုမှာ မသင်္ကာ ခံရသူတွေဟာ ကော့ကေးဆပ်က ပုန်ကန်မှုတွေနဲ့ ဆက်စပ်နေတယ် ဆိုရင်တော့ ဒါဟာ အနောက် နိုင်ငံတွေကို ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်လိမ့်မယ်လို့ ဝေဖန် သုံးသပ်သူ တွေက ပြောနေကြ ပါတယ်။

တနင်္လာနေ့က ဘော်စတွန် မာရသွန် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ၁၇ဝ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ