ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ် အဖမ်းခံရ

  • 19 ဧပြီ 2013
Musharraf
Image caption ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ် အဖမ်းခံရ

ဖမ်းမိန့်ကို မနာခံဘဲ တရားရုံးက ကားနဲ့ ပြန်ထွက်သွားတဲ့ ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ်ကို ဒီကနေ့မနက်က ဖမ်းဆီးပြီး ရဲဌာနချုပ်မှာ ထိန်းသိမ်း လိုက်ပါပြီ။

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ် သူ့ဆန္ဒနဲ့ သူကိုယ်တိုင် သွားပြီး အဖမ်းခံတာလို့ သူ့ရဲ့ ပါတီ ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ် အတွင်းရေးမှူးက ဆိုပေမယ့် ရဲဘက်ကတော့ သူတို့ သွားဖမ်းပြီး သမာဓိ မြို့ဝန်ရုံးကို တင်တယ် ဆိုတဲ့ စကားနဲ့ ကွဲလွဲ နေပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး မတင်ခင်မှာ ရဲလက်မှာပဲ ထိန်းသိမ်းထားဖို့ မြို့ဝန်ရုံးက ညွှန်ကြားပေမယ့် သူ့နေအိမ်ကိုပဲ ရဲက ပြန်ခေါ်လာခဲ့ပါသေးတယ်။ သူကိုယ်တိုင် ရဲအစောင့်အရှောက် အောက်မှာ နေချင်တာလို့လဲ ရဲဘက်က ပြောပါတယ်။

ဒါပေမဲ့ တရားရုံးမှာ ရဲအစောင့်အရှောက်နဲ့ တွေ့ရတဲ့ သူ့ပုံပန်းကတော့ တုန်လှုပ်နေပုံရတယ်လို့ ဆိုပါတယ် ။ သူ့ကို နေအိမ် အကျယ်ချုပ် ချထားရာကနေ ရဲဌာနချုပ်ကို ရွှေ့ဖို့ ဆုံးဖြတ် လိုက်တာကလဲ လုပ်ထုံးလုပ်နည်းတွေ သိပ်များနေပုံ ရပါတယ်။

နောက်နှစ်ရက်အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ရုံးတော်တခုမှာ ၂ဝဝ၇ ခုနှစ် အရေးပေါ် အခြေအနေ နဲ့ အုပ်ချုပ်စဉ်က လုပ်ဆောင်ခဲ့မှုတွေနဲ့ သူ့ကို ရုံးထုတ်မယ်လို့ ယူဆရပါတယ်။

သူ သမ္မတ ပြန်အရွေးခံရဖို့ လမ်းမှာ နှောင့်ယှက်နေတယ်ဆိုပြီး တရားသူကြီး ၆ဝ လောက်ကို ပယ်ရှားခဲ့တုန်းကတော့ တာလီဘန် သူပုန်ကို လက်ညှိုးထိုးပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီလို နုတ်ပယ်ခဲ့လို့ ပါကစ္စတန် တပြည်လုံးက ရှေ့နေတွေ ခေါင်းဆောင်ပြီး သပိတ်မှောက်ကြလို့ သူ ရာထူးက ထွက်ခဲ့ရပါတယ်။

သူ လန်ဒန်နဲ့ ဒူဘိုင်းမှာ သွားနေနေစဉ် ကာလတလျှောက်လုံး တရားသူကြီးတွေကို ဖယ်ရှားခဲ့တဲ့ အမှုအပါအဝင် ရာဇဝတ်မှုတွေနဲ့ သူ့ကို ဖမ်းဖို့ ကြိုးစားနေကြတာ ဖြစ်သလို ပါကစ္စတန်က တာလီဘန် တွေကလဲ သူ့ကို လုပ်ကြံမယ်လို့ပဲ ခြိမ်းခြောက်နေကြပါတယ်။

ဒီလို တရားစွဲ ခြိမ်းခြောက်မှု တွေကြားက ရွေးကောက်ပွဲ ဝင်ဖို့ ပြည်တော်ပြန်လာတဲ့ စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ်ရဲ့ ရွေးကောက်ပွဲ ဝင်ဖို့ ကြိုးပမ်းမှုတွေကိုလဲ ပယ်ချ ခံခဲ့ရပါတယ်။