အိန္ဒိယ ကလေးမလေး အဓမ္မမှုအတွက် ရဲချုပ်ကို ထွက်ခိုင်း

  • 22 ဧပြီ 2013
Image caption ၅နှစ်သမီးလေးအပေါ် အဓမ္မ ပြုကျင့်ခဲ့မှုကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ လုပ်ခဲ့

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ အသက် ၅နှစ် အရွယ် ကလေးမလေး အဓမ္မ ပြုကျင့်ခံခဲ့ရမှု အပေါ် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ဒေလီမြို့တော် ရဲချုပ်ကို ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေကို ရဲချုပ်က ပယ်ချလိုက်ပါတယ်။

အဲဒီ ရာဇဝတ်မှုဟာ စိတ်ဓါတ်ဆိုင်ရာ အကျင့်စာရိတ္တ ပျက်ပြားမှုကြောင့် ဖြစ်ရတာ ဖြစ်ပြီး သူရာထူးကနေ နှုတ်ထွက်ပေးခြင်းအားဖြင့် ပြဿနာ ပြေလည်သွားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒီကိစ္စကို ရေငုံ နှုတ်ပိတ်နေဖို့ ကလေးမလေးရဲ့ မိဘတွေကို ရဲအရာရှိတဦးက လာဘ်ထိုးခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ သူစုံစမ်း စစ်ဆေးနေ တယ်လို့လည်း ရဲချုပ်က ပြောပါတယ်။

အစောပိုင်းတုန်းက အဲဒီ အဓမ္မ ပြုကျင့်မှုနဲ့ ဆက်နွယ် ပတ်သက်နေတယ် ဆိုတဲ့ နောက်လူတဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ တုန့်ပြန် ကိုင်တွယ်ပုံကို မကျေနပ် ဒေါသထွက်နေကြတဲ့ လူအုပ်ကြီးက သီတင်းပတ်ကုန် ရက်ပိုင်းတုန်းက ဒေလီမြို့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အခု ဒီကနေ့မှာလည်း နောက်ထပ် ဆန္ဒပြဖို့ စီစဉ်ထားတယ် ဆိုတဲ့ စိုးရိမ်မှု တွေကြောင့် ဒေလီမြို့တော် မီးရထား ဘူတာရုံတချို့ကို အစိုးရက ပိတ်ထားလိုက်ပါတယ်။