နိုင်ဂျီးရီးယားမှာ တိုက်ပွဲတွေအတွင်း လူနှစ်ရာနီးပါး သေဆုံး

  • 22 ဧပြီ 2013
Image caption တိုက်ပွဲတွေကြောင့် မြို့ခံတွေ ထွက်ပြေးခဲ့ကြရ

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ဘာဂါမြို့မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ အစ္စလာမစ် လက်နက်ကိုင် တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့အပြီး သေဆုံးသွားခဲ့သူတွေကို မြို့ခံတွေက ဒီကနေ့ မြှုပ်နှံခဲ့ကြပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးသွားခဲ့ကြအပြီး မြို့ကို ပြန်လာတဲ့အခါ လမ်းမတွေပေါ်မှာ လူသေအလောင်း တွေနဲ့ ပြန့်ကျဲနေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လူ၁၈၅ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါပေမယ့်လည်း ထိခိုက်သေဆုံးသူ အရေအတွက် ဒီလောက် မရှိဘူးလို့ အစိုးရ စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ငြင်းဆိုလိုက်ပြီး ဒါဟာ ချဲ့ကား ပြောထားတာလို့ ဆိုပါတယ်။

နာရီပေါင်း အတော်ကြာတဲ့ ပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ရော့ကက်ထိပ်ဖူးတပ် လက်ပစ်ဗုံးတွေကို အသုံးပြုခဲ့တယ်လို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။