ဘင်္ဂလားဒေ့ရှ်မှာ အဆောက်အဦ ပြိုကျလို့ လူ ၁၀၀ လောက် အသက်ဆုံးရှုံး

Image caption အပျက် အဆီး တွေကြား ကနေ လူပေါင်း ၆၀၀ ကို ဆွဲထုတ် နိုင်ခဲ့ ပြီလို့ ကယ်ဆယ်ရေး လုပ်သား တွေက ပြော

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာမြို့ရဲ့ ဆင်ခြေဖုံး ဘက်မှာ အထပ် ၈ ထပ် ရှိတဲ့ အဆောက် အဦ တခု ပြိုကျ သွားခဲ့တဲ့ အတွက်လူ ၁၀၀ လောက် သေဆုံး သွားပြီး လူ ၂၀၀ ကျော် ဒဏ်ရာ ရရှိသွား ကြပါတယ်။

တိုက်ပြို အပျက် အဆီး တွေကြား ကနေ လူပေါင်း ၆၀၀ ကို ဆွဲထုတ် နိုင်ခဲ့ ပြီလို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။

ဒါပေမယ့်လည်း အများ အပြားဟာ အဆောက် အဦ အထဲမှာ ပိတ်မိ နေဆဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာက အဆောက်အဦ တွေကို ဆောက်လုပ်ရာမှာ လိုက်နာရမယ့် စည်းကမ်းတွေ မလိုက်နာဘဲ ဆောက်လုပ်တာတွေလည်း ရှိပါတယ်။

အခုပြိုကျတဲ့ အဆောက်အဦ မှာတော့ အထည်ချုပ်လုပ်ငန်းတခု ရှိသလို၊ ဘဏ်နဲ့ တခြားလုပ်ငန်းတွေလည်း ရှိပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်း လူစည်းကားချိန်မှာ ပြိုကျခဲ့တာဖြစ်ပြီး ဒါကာ မြို့ခံတယောက် အဆိုအရဆို အဆောက်အဦက စစ်အတွင်း မှာ မြင်ရတဲ့ အပျက်အစီး ပုံကြီးလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အသက် မသေဘဲ ကျန်ရစ် သူတွေကို စစ်တပ်နဲ့ မီးသတ်တို့ ကနေ တခြား ဝိုင်းကူ လုပ်ပေး နေကြ သူတွေနဲ့ အတူ လိုက်လံ ရှာဖွေ နေကြ ပါတယ်။

အဲဒီ အဆောက် အဦမှာ အင်္ဂါနေ့က အက်ကွဲရာတွေ ပေါ်လာတဲ့ အတွက် စက်ရုံ ဝန်ထမ်း တွေကို အထဲ ပေးမဝင်ဖို့ ရဲက သတိပေး ထားတာကို စက်ရုံ ပိုင်ရှင် တွေက လစ်လျူ ရှုခဲ့ ကြတာလို့ ရဲ အရာရှိ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာကလည်း ဒါကာမြို့တော် မြို့စွန်ပိုင်းက အထည်ချုပ်စက်ရုံတရုံမှာ မီးစွဲလောင်ခဲ့လို့ အနည်းဆုံး လူ ၁၁၀ လောက် ဆုံးပါးခဲ့ရသလို ၂၀၁၀ ပြည့်နှစ်တုန်းကလည်း ဒါကာမြို့တော်မှာပဲ လေးထပ်တိုက်တလုံး ပြိုခဲ့သေးလို့ အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ