ထိုင်းရုပ်ရှင် အပိတ်ခံရ

  • 24 ဧပြီ 2013
Preah Vihear
Image caption ဘုရားမြေ ပိုင်ဆိုင်မှု အတွက် ဆန္ဒပြ

ထိုင်း အမျိုးသား လုံခြုံရေးကို ထိပါးတယ် ဆိုပြီးကမ္ဗောဒီးယားနဲ့ နယ်မြေ အငြင်းပွားမှုကို အခြေခံ ရိုက်ကူးထားတဲ့ မော်ကွန်း ရုပ်ရှင်ကား တကားကို ထိုင်း ဆင်ဆာအဖွဲ့က ပိတ်လိုက် ပါတယ်။

ဒီရုပ်ရှင်ကားကြောင့် ထိုင်း နိုင်ငံခြား ဆက်ဆံရေးမှာ တင်းမာမှုတွေ ရှိလာမှာ စိုးရိမ်တယ်လို့ ပြင်သစ် သတင်း ဌာနကို ထိုင်း ယဉ်ကျေးမှု ဌာန အရာရှိ တဦးက ဆိုပါတယ်။

နယ်ခြားစည်း (Boundary) ဆိုတဲ့ ထိုင်းရုပ်ရှင်ဟာ ရှေးဟောင်း ပရိ ဝိဟာရ ဘုရား အနီးဝန်းကျင်မှာ နေကြတဲ့ ညှပ်ပူးညှပ်ပိတ် မိနေကြ တဲ့သူတွေရဲ့ ဘဝတွေကို ရှာဖွေ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

၂ဝ၁ဝ ပြည့်နှစ်က ဘန်ကောက်မှာ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး ဆန္ဒပြပွဲတွေ အပါအဝင် ထိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေ အကြောင်းလဲ ဒီရုပ်ရှင်မှာ ပါပါတယ်။

ဒီလို ပိတ်ပင်ခံရတဲ့ အတွက် အံ့အား သင့်မိကြောင်း ရုပ်ရှင် ဒါရိုက်တာ Nontawat Numbenchapol က ပြောကြား လိုက်ပြီး ခွင့်ပြုမိန့် ပေးဖို့ အသနားခံစာတင်လိုတယ် လို့လဲ သိရပါတယ်။

ထိုင်းနဲ့ ကမ္ဗောဒီးယား ၂ နိုင်ငံကြား အငြင်းပွားနေတဲ့ ဒီဘုရားမြေ ပိုင်ဆိုင်မှု အတွက် အရင်ပတ်ကပဲ ကုလသမဂ္ဂမှာ အမြင့်ဆုံး တရားရုံးထိ တက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ