ဘော်စတွန် ဗုံးခွဲသမား နယူးယောက် သွားဖို့ ပြင်ဆင်ခဲ့

  • 26 ဧပြီ 2013
Image caption NewYork မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘာ့ဂ်

အသက်မသေဘဲ ကျန်ရစ်တဲ့ ဘော်စတွန် မာရသွန် ဗုံးခွဲသူ အဖြစ် သင်္ကာမကင်း ဖြစ်ခံရသူက အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI ကို ပြောရာမှာ သူနဲ့ သူ့အကို တို့ဟာ နယူးယောက်မြို့က Times Square နေရာမှာ နောက်ထပ် ဖောက်ခွဲမှုတွေ ဆက်လုပ်ဖို့ ပြင်ထားတယ်လို့ နယူးယောက် မြို့တော်ဝန် Michael Bloomberg က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက သူတို့ ညီအကို နှစ်ယောက်ဟာ ကားတစင်းကို အပိုင်စီးပြီး နယူးယောက်ကို သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆေးရုံပေါ်မှာ ကုသမှု ခံယူနေရင်း စစ်ဆေး မေးမြန်း သူတွေကို ဂျော်ခါ ဆာနာရက်ဖ်က ပြောခဲ့ကြောင်း မစ္စတာ ဘလွန်းဘာ့ဂ် က ဆိုပါတယ်။

ဒါ့အပြင် သူတို့ဟာ ပိုက်အသုံးပြုပြီး လုပ်ထားတဲ့ ဗုံးငါးလုံးနဲ့ ပေါင်းအိုး သုံးပြီး ထုတ်လုပ်ထားတဲ့ ဗုံးတလုံး စုစုပေါင်း ဗုံး ခြောက်လုံးကို ယူသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

အဲဒီ ပေါင်းအိုးသုံးလုပ်ထားတဲ့ ဗုံးကြောင့် ဘော်စတွန် မာရသွန် ပေါက်ကွဲမှုမှာ လူသုံးယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

အပိုင်စီးလာတဲ့ ကားကို ဆီဖြည့်ဖို့ ရပ်နားစဉ်မှာ ကားပိုင်ရှင်က လွတ်မြောက်သွားပြီး ရဲကို အကြောင်းကြားခဲ့တာကြောင့် သူတို့ အစီအစဉ် ပျက်ပြား သွားခဲ့ရတယ်လို့ ဆိုပါတယ်။