ဆီးရီးယားအစိုးရကို အမေရိကန်နဲ့ ယူကေတို့က သတိပေး

  • 26 ဧပြီ 2013
ဆီးရီးယားမှာ ဓါတုလက်နက် အဆိပ်သင့် လက္ခဏာတွေ့ရ
Image caption ဆီးရီးယားမှာ ဓါတုလက်နက် အဆိပ်သင့် လက္ခဏာတွေ့ရ

အမေရိကန် သမ္မတရော ဗြိတိန် ဝန်ကြီးချုပ်တို့ကပါ ဆီးရီးယား နိုင်ငံက ဆာရင်လို့ခေါ်တဲ့ ဓါတု လက်နက် သုံးတယ်ဆိုတဲ့ အထောက်အထားတွေကို လက်ညှိုးထိုး လာကြပါပြီ။

သမ္မတ အိမ်ဖြူတော်မှာ ဂျော်ဒန်ဘုရင် ဒုတိယမြောက် အယ်ဘ်ဒူလာနဲ့ တွေ့စဉ် သမ္မတ အိုဘာမားက ပြောတာဖြစ်ပါတယ်။

ဆီးရီးယား ပြည်သူတွေကို ဓါတုလက်နက် သုံးပြီးနှိမ်နင်း တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအပေါ်အခြေခံတဲ့ အထောက်အထားတွေ တွေ့နေရတယ်။ ဒါဟာ ပဏာမ တွေ့ရှိချက်တွေဖြစ်ပြီး ဘယ်တုန်းက ဘယ်နေရာ ဘယ်လို သုံးတယ်ဆိုတဲ့ မေးစရာတွေ ဆက်ဖေါ်ထုတ် စရာရှိသေးတယ်လို့သမ္မတက ပြောပါတယ်။ အပြင်းအထန် စုံစမ်း ဖေါ်ထုတ်မှာဖြစ်ပြီး အထောက်အထား ခိုင်မာရင်တော့ ဒီစစ်ပွဲ တမျိုးတဖုံ ပြောင်းလဲစရာ ရှိတယ်လို့ပြောပါတယ်။

ဓါတုလက်နက်ကို မိမိပြည်သူ အပေါ် သုံးတယ်ဆိုရင် အမေရိကန်သာမက နိုင်ငံတကာကပါ လက်ပိုက်ကြည့်မနေဘဲ လုံးဝခွင့်မပြုသင့်ဘူးလို့ သူကဆိုပါတယ်။

အခုတွေ့ရှိချက်တွေဟာ လုံလောက်တယ်လို့မ ဆိုနိုင်ပေမယ့် ဘယ်လောက် ကြာအောင် အချိန်ယူပြီးစုံစမ်းဖေါ်ထုတ်မယ် ဆိုတာတော့ ကန့်သတ်မထားဘူးလို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျေးကယ်ရီက စောစောပိုင်းက ထုတ်ဖေါ်ပြောပါတယ်။

တကယ်လို့ အရေးယူစရာ တွေ့ရင် ဆီးရီးယားမှာ လေယာဉ် မပျံသန်းရေးဇုံ သတ်မှတ်တာတို့ သူပုန်တွေကို လက်နက် တပ်ဆင်ပေးတာတို့ တိုက်ရိုက်လုပ်နိုင်ပါတယ်။

အနောက်နိုင်ငံတွေက အစွန်းရောက်တွေလက်ထဲကို ဓါတု လက်နက်ရောက်မှာ အထူးစိုးရိမ်သလို မပျံသန်းရေးဇုံ သတ်မှတ်ဖို့ ဆိုပြန်ရင်လည်း ဆီးရီးယား လေတပ် အင်အားချိနဲ့အောင် လုပ်ရမှာဖြစ်လို့ အကြီးစား စစ်ဆင်ရေးတွေလိုအပ်မှာဖြစ်ပါတယ်။

ဓါတုလက်နက် သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ဘာမှ ယုံကြည်လောက်စရာ မရှိဘူးလို့ ဆီးရီးယား အစိုးရကပယ်ချခဲ့ပါတယ်။

သမ္မတ ဘာရှာ အယ်လ်အာဆက်ကို ပုန်ကန်တဲ့ နှစ်နှစ်အတွင်း လူပေါင်း ၇၀၀၀၀ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ