ဒါကာ စက်ရုံ ယန္တရားကြီးတွေနဲ့ ရှာပြီ

  • 28 ဧပြီ 2013
Dhaka
Image caption လက်နဲ့ယက်ပြီး ရှာဖွေ နေတာကို ရပ်ဆိုင်း

ဘင်္ဂလားဒေ့ရှ် စက်ရုံ ပြိုကျမှုမှာ ပိတ်မိနေသူ တွေကို လက်နဲ့ယက်ပြီး ရှာဖွေ နေတာကို ရပ်ဆိုင်း လိုက်ပြီး ကယ်ဆယ်ရေး လုပ်သား တွေက ယန္တရား စက်ကြီးတွေ သုံးပြီး အပျက် အစီး တွေကို ဖယ်ရှား နေပြီ ဖြစ်ပါတယ်။

အဆောက်အအုံ ပြိုပျက်စဉ်က ခန့်မှန်းခြေ အလုပ်သမား ၃ဝဝဝ ထက်မနည်း ရှိနေခဲ့တဲ့ အနက် အခု သိရသလောက် အသက်ရှင်ကျန်ရစ်သူ ၂၄၃ဝ ရှိနေပါတယ်။ ဘယ်လောက်ပျောက်ဆုံးနေလဲ ဆိုတဲ့ တရားဝင် စာရင်းမရှိပေမယ့် အသက်ရှင် ကျန်နိုင်သူတွေ ထပ်တွေ့ဖို့ မျှော်လင့်ချက်တွေ မိနစ်နဲ့အမျှ နည်းလာနေတယ်လို့ မီးသတ် ဒုညွှန်မှူးက ပြောပါတယ်။

ဒေသ စံတော်ချိန် ညသန်းခေါင် လောက်မှာတော့ ယန္တရား စက်ကြီး တွေ ရောက်လာပါတယ်။

ကယ်ဆယ်ရေး လုပ်တဲ့နေရာမှာ အပေါ့စား ပစ္စည်းကိရိယာတွေနဲ့ အလုပ်မဖြစ်တော့လို့ သံဖြတ်ကိရိယာကြီးတွေ အကြီးစား ပစ္စည်းသယ်တဲ့ ကိရိယာတွေကို သုံးဖို့ အရာရှိတွေက ဆုံးဖြတ် ခဲ့ကြတာလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ စောစောပိုင်းက အသက်ရှင်ကျန်နေသူ ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ပျောက်ဆုံးနေဆဲ အလုပ်သမားတွေရဲ့ ထောင်နဲ့ချီတဲ့ မိသားစု ဆွေမျိုးတွေဟာ ၈ ထပ်တိုက် အပြိုအပျက်တွေရှေ့မှာ အသက်ရှင်လျက် ထွက်လာမလား၊ ရုပ်အလောင်း တွေပဲ သယ်ထုတ် လာမလားဆိုတာ စိတ်မောစွာနဲ့ စောင့်နေကြဆဲ ဖြစ်ပါတယ်။

စောစောကလဲ မြေအောက်မှာ ပိတ်မိနေတဲ့ အမျိုးသမီး တယောက်ကို ကယ်ဖို့ ကြိုးစား နေချိန်မှာ ဖြတ်စက်က မီးထလောင်လို့ မကယ်ဆယ် နိုင်ခဲ့ပါဘူး။

ကွန်ကရစ် တွေကြားမှာ ရှိနေတဲ့ သံချောင်းတွေကို ဖြတ်နေတုန်း ထွက်လာတဲ့ မီးပွားတွေ ကနေ မီးထလောင်ခဲ့တာလို့ ယူဆရပါတယ်။

အဲဒီတတိယထပ်မှာ မီးတောက်တွေတော့ မမြင်ရဘဲ မီးခိုးတွေကို ထွက်လာတာကို မြင်ခဲ့ကြရပါတယ်။

ဒါကြောင့် အဲဒီအထပ်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်း လိုက်ပေမယ့် တခြား နေရာတွေမှာ ကယ်ဆယ်ရေးတွေ ဆက်လုပ်ခဲ့ကြပါတယ်။

ဒီ အမျိုး သမီး သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေး သမားတွေက ဆိုပါတယ်။

မီးကြောင့် ကယ်ဆယ်ရေး လုပ်သားတွေ ဒဏ်ရာရခဲ့ကြလို့ ဆေးရုံကို ခေါ်သွား ခဲ့ပါတယ်။ အခုပြိုကျခဲ့တဲ့ ၈ ထပ်တိုက်မှာ အထည်ချုပ် စက်ရုံတွေ ရှိနေတာကြောင့် အဝတ်စတွေကြောင့် မီးကို ပို ဆိုးစေခဲ့ပုံရတယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

မီးကို ထိန်းထားနိုင်ခဲ့ပြီလို့ အဲဒီနေရာကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် Anbarasan Ethirajan က ပြောပါတယ်။

ဒီပြိုကျမှု ကြီးကြောင့် လူ ၃၇ဝ ကျော် သေဆုံးကြောင်း သိရပါတယ်။

အထည်ချုပ် စက်ရုံပိုင်ရှင် ၃ဦး အင်ဂျင်နီယာ ၂ ဦးအပါအဝင် လူ ၆ ဦးကို ဖမ်းထားပါတယ်။ သူတို့လို တာဝန်ရှိသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးဖို့ အထည်ချုပ် လုပ်သားတွေက စက်မှုဇုန် အနီးက လမ်းကို ပိတ်ပြီး မနေ့က တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်က အထည်ချုပ် စက်ရုံတွေဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ခ နည်းနည်းနဲ့ အလုပ်သမားတွေကို ခိုင်းနေသလို အလုပ်သမား အခွင့်အရေး တွေလဲ ပြည့်ပြည့်ဝဝ မပေးဘူလို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံ နေရချိန်မှာ အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ