အသေးဆုံး ယင်ကောင်ပုံ စက်ရုပ် Robo Fly အမေရိကန် တီထွင်

  • 5 မေ 2013
Image caption Robo Fly အသေးဆုံး ယင်ကောင် စက်ရုပ်တွေ

အမေရိကန် ပြည်ထောင်စုက သိပ္ပံ ပညာရှင်တွေဟာ ယင်ကောင် အရွယ်လောက်သာ ရှိတဲ့ စက်ရုပ်တမျိုးကို တီထွင်ခဲ့ကြပါတယ်။

အဲဒီ စက်ရုပ်ဟာ နေရာတိုင်းမှာ တွေ့ရတက်တဲ့ အင်းဆက်တွေ လိုမျိုး ပေါ့ပါး သွက်လက်စွာ လှုပ်ရှား ဆောင်ရွက် နိုင်တယ်လို့ ဆိုပါတယ်။

Robo Fly လို့ ခေါ်တဲ့ ဒီစက်ရုပ်ကို ကာဘွန် ဖိုင်ဘာတွေနဲ့ ဖန်တီးထားတာ ဖြစ်ပြီး အလေးချိန်အားဖြင့် တစ်ဂရမ်ရဲ့ အစိတ်အပိုင်း အနည်းငယ် လောက်သာ ရှိသလို အရမ်းလျင်မြန်စေတဲ့ လျှပ်စစ်စွမ်းအင်ဖြည့် ကြွက်သားတွေနဲ့ အတောင်ပံတွေကို တည်ဆောက် ထားတယ်လို့ သိရပါတယ်။

အခု တီထွင်လိုက်တဲ့ အလွန် သေးငယ်တဲ့ စက်ရုပ်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နောက်ဆုံးတော့ သုံးကောင်း သုံးလိမ့်မယ်လို့ ဟားဗက် တက္ကသိုလ်က ဒီစက်ရုပ်တွေကို တီထွင်သူတွေက ပြောပါတယ်။

ဥပမာ အဆောက်အဦတွေ ပြိုကျသွားတယ် ဆိုရင် ကျဉ်းမြောင်းတဲ့ နေရာတွေကြားကို ဝင်ရောက် ညွှန်ပြ သွားလာနိုင်ဖို့ ဒီစက်ရုပ်တွေကို သုံးနိုင်တယ်လို့ ဆိုပါတယ်။