ဆီးရီးယားမှာ အစုလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွား

Image caption ဆီးရီးယား အစိုးရကတော့ အဲဒီ ဒေသဘက်မှာ အကြမ်းဖက် သမားတွေ ကို မောင်းထုတ်ခဲ့ တယ်လို့ ဆို

ဆီးရီးယား နိုင်ငံမှာ မကြာသေးခင် ရက်ပိုင်းက လူအစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရမှု ဖြစ်ပွား ခဲ့တယ် ဆိုတဲ့ တက်ကြွ လှုပ်ရှားသူ တွေရဲ့ ဖေါ်ပြ ပြောဆို မှုတွေ နဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ် သတင်းတွေ ထပ်မံ ထွက်ရှိ လာခဲ့ ပါတယ်။

ဆွန်နီ မွတ်ဆလင် ကျေးရွာ ဖြစ်တဲ့ al-Bayda ရွာကို အစိုးရ တပ်တွေ ကြာသပတေး နေ့က ဝင်လာပြီး နောက် ပထမဆုံး အကြိမ် လူသတ်ပွဲ ဖြစ်ခဲ့ ပါတယ်။ al-Bayda မှာ သတ်ဖြတ် ခံရတဲ့ ၇၂ ယောက် ထဲမှာ အမျိုး သမီးနဲ့ ကလေးငယ်တွေ ပါဝင် တယ်လို့ အတိုက် အခံတွေ ဘက်က ဆိုပါတယ်။

Baniyas ကမ်းရိုးတန်း မြို့မှာ အလားတူ ဖြစ်ပွားတဲ့ လူသတ်ပွဲ မှာတော့ အနည်းဆုံး ၇၇ ယောက် သေဆုံးကြောင်း သတင်းထွက် နေပြီး ရုပ်ပျက် ဆင်းပျက် ဗီဒီယိုတွေ လဲ ထွက်လာပါတယ်။

ဒီဗီဒီယိုတွေ ထဲမှာ အမျိုး သမီးနဲ့ ကလေးတွေ မရှု မလှ သေဆုံး မီးလောင် ထားတဲ့ ပုံတွေ တွေ့ရ တယ်လို့ လက်ဘနွန်က ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

နိုင်ငံခြား သတင်းထောက်တွေ ဝင်ခွင့် မပြုတဲ့ အတွက် သတင်း အထောက် အထား တိတိ ကျကျ ရဖို့ ခက်ခဲ နေပါတယ်။ ဒီသတ် ဖြတ်မှု တွေမှာ အစိုးရ ဘက်တော် သား shabbiha စစ်သွေးကြွတွေ ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အစိုးရ က ဘာသာရေး အယူ အဆ ကွဲလွဲ သူတွေကို မျိုးပြုတ် အောင် သုတ်သင် နေတယ်လို့ အတိုက် အခံတွေက စွပ်စွဲ နေကြပါတယ်။ အစိုးရ ကတော့ ဒီဒေသမှာ အကြမ်းဖက် အုပ်စုတွေကို ချေမှုန်းပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကို ပြန်လည် ရယူထား ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ အစ္စရေးက ဆီးရီးယားကို လေကြောင်းက ဒုတိယ အကြိမ် တိုက်ခိုက်ခဲ့ ပါတယ်။ လောလော ဆယ်တော့ ဆီးရီးယား အစိုးရရဲ့ ဓာတု လက်နက် သုံးစွဲ နေသလား ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက် နေတာပါ။

စိုးရိမ် စရာ အနေ အထားကို ရောက်နေပြီလို့ အမေရိကန် သမ္မတ အိုဘားမားက သောကြာနေ့ က ပြောကြား ခဲ့ပေမယ့် အမေရိကန်တပ် တွေကို ဆီးရီးယား လွှတ်ရမယ့် အဖြစ်တော့ အရောက် မခံဘူး လို့လဲ သူက ဆိုပါတယ်။

အမေရိကန်နဲ့ မဟာမိတ် တွေက ဆီးရီးယားကို လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်ပြီး လေယာဉ် မပျံသန်းရ ဇုန်တခု ဖြစ်အောင် ဖန်တီး လိုပေမယ့် ရုရှက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ