ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူတွေကို ရဲကဖြိုခွဲ

  • 6 မေ 2013
Image caption ထိပ်တိုက် ရင်ဆိုင်မှုတွေ အတွင်း လူပေါင်း အနည်းဆုံး ၁၅ ဦး လောက် သေဆုံး သွားခဲ့

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကား မြို့လယ်မှာ ကြီးမား လှတဲ့ ဆန္ဒပြ လူအုပ်ကြီး ကို ရဲတွေ ကနေ မေ့ဆေး ဗုံးတွေ၊ ရာဘာ ကျည်တွေ သုံးပြီး လူစု ခွဲခဲ့ ပါတယ်။

၂၄ နာရီကြာ ဖြစ်ပွား ခဲ့တဲ့ ထိပ်တိုက် ရင်ဆိုင် မှုတွေ အတွင်း လူပေါင်း အနည်းဆုံး ၁၅ ဦး လောက် သေဆုံး သွားခဲ့ ပါတယ်။

ရဲတွေ ကနေ အနီး အနား အဆောက် အဦးမှာ ပုန်းနေကြတဲ့ တက်ကြွ လှုပ်ရှားသူ ဆန္ဒပြ သမားတွေကို လိုက်လံ ရှာဖွေ တဲ့ အချိန် အထိအောင် သေနတ် သံတွေနဲ့ ပေါက်ကွဲ သံတွေကို ကြားနေ ရဆဲ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့က စတင် ခဲ့တဲ့ ဒီ အစ္စလာမ်မစ် ဆန္ဒပြပွဲ ကို ဟယ်ဖာဇတ် အီး အစ္စလာမ် ဆိုတဲ့ အဖွဲ့က ဦးဆောင်ပြီး လုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းက အစ္စလာမ်မစ် အဖွဲ့ပေါင်း ၁ ဒါဇင် လောက် ပေါင်းဖွဲ့ ထားကြတာ ဖြစ်ပြီး၊ သူတို့က ဘင်္ဂလား ဒေ့ရှ် လူမှု အသိုင်းအဝိုင်းမှာ ပိုမို တင်းကျပ်တဲ့ အစ္စလာမ် မူဝါဒတွေ ချမှတ် သွားနိုင်ဖို့ အတွက် လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

Image caption ပိုမို တင်းကျပ်တဲ့ အစ္စလာမ် မူဝါဒတွေ ချမှတ် သွားနိုင်ဖို့ အတွက် လှုပ်ရှား နေကြတာ ဖြစ်

အဲဒီ အဖွဲ့ဟာ မဒရပ်စားစ် လို့ခေါ်တဲ့ ဘာသာရေး ကျောင်းတွေ ကနေ အင်အား စုထားတာ ဖြစ်ပြီး မိန်းမ တွေကို ယောက်ျား တွေနဲ့ ပိုမိုပြီး ခွဲခြား ဆက်ဆံ မှုတွေ လုပ်ဖို့ ပါဝင်တဲ့ အချက် ၁၃ ချက်ကို ထုတ်ပြန် တောင်းဆို နေကြတာ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့ ကတော့ ဒီလူတွေဟာ ကားတွေ ရထားတွေနဲ့ ဒါကား မြို့တော် ကို ချီတက် လာခဲ့ကြပြီး အဓိက လမ်းကြီး တွေကိုပါ ပိတ်ဆို့ လို့ ဒါကား ကိုပါ တခြား ဒေသတွေနဲ့ အဆက်ဖြတ် ပစ်ခဲ့ကြ ပါတယ်။ ပြီးတော့ မြို့ထဲက လမ်းမကြီး ၆ ခုမှာ ဘာသာရေး ကြွေးကြော်သံ တွေနဲ့ အတူ ဘာသာမဲ့ တွေကို ကြိုးမိန့် ပေးဖို့ ပါ တောင်းဆို ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

ဒါကား မြို့လယ်မှာ ရှိတဲ့ ဗလီကြီး အနား မှာတော့ ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက် တဲ့ အထိ ဖြစ်ခဲ့ ရာက ရဲက မျက်ရည်ယို ဗုံးတွေ၊ ရာဘာ ကျည်တွေ နဲ့ ပြန်လည် တုံ့ပြန် ဖြိုခွဲ ခဲ့ကြ ပါတယ်။ မျက်မြင် တဦး ကတော့ အဲဒီ ဆန္ဒပြကြ သူတွေက တော်တော်ကို ရန်လို ကြတာ ဖြစ်ကြောင်း၊ ခဲတွေနဲ့ ပေါက်ကြရာ ကနေ အခြေ အနေက ပိုဆိုး လာတာကြောင့် ရဲတွေက အခုလို မဖြစ်မနေ တုံ့ ပြန်ခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီ လူတွေက ဈေးတွေနဲ့ ကိုရမ်ကျမ်း ရောင်းတဲ့ စာအုပ်ဆိုင် တွေပါ မကျန်အောင် မီးတင်ရှို့ ပစ်ခဲ့ ကြတယ် လို့လည်း သူက ပြောပါတယ်။ တခါ ဒါကား မြို့ခံ ဘဏ် ဝန်ထမ်း တဦး ကလည်း သူလည်း မွတ်စလင် ဖြစ်ပြီး နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်း ကလည်း မွတ်စလင်တွေ ဖြစ်ပေမယ့် ဒီဆန္ဒပြ သူတွေ ဟာ သူတို့ ကို ကိုယ်စားပြု သူတွေ မဟုတ်တဲ့ အကြောင်း ပြောပါတယ်။

Image caption လုံခြုံရေး အရာရှိ ၂ ဦးနဲ့ တပ်ဖွဲ့ဝင် တဦး တို့လည်း သေဆုံးသွားခဲ့ ကြောင်း ရဲက ပြောပါတယ်

တခါ ဒါကား ဆင်ခြေဖုံး မှာရှိတဲ့ ကန်ချပါ ဆိုတဲ့ အရပ် မှာလည်း ရင်ဆိုင် မှုတွေ ဖြစ်ခဲ့ ကြပြီး လူအသေ အပျောက် တွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီ သေဆုံး သူတွေ ထဲမှာ လုံခြုံရေး အရာရှိ ၂ ဦးနဲ့ တပ်ဖွဲ့ဝင် တဦး တို့လည်း ပါတယ်လို့ ရဲဘက်က ပြောပါတယ်။

ရဲနဲ့ ဆန္ဒပြ သူတွေ အကြား တိုက်ကြ ခိုက်ကြ တာတွေ တနင်္ဂနွေ တနေ့လုံးနဲ့ တနင်္လာ အစောပိုင်း အထိ ရှိနေ ခဲ့ကြ ပေမဲ့၊ အခုတော့ ဒါကား မြို့ထဲမှာ အခြေ အနေ တွေ တည်ငြိမ် နေတယ်လို့ သိရပါတယ်။ ရဲဘက် ကတော့ တနင်္လာည သန်းခေါင်းယံ အထိ ချီတက် ဆန္ဒပြ မှုတွေ မလုပ်ဖို့ တားမြစ် အမိန့် ထုတ်ထား တယ်လို့ ဆိုပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ