ဆီးရီးယားဆိုင်ရာ ညီလာခံ ကျင်းပဖို့ သဘောတူတယ်လို့ ရုရှားပြော

Image caption ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry

ဆီးရီးယား အရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံ တရပ် ကျင်းပဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုကို သူတို့ သဘောတူတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ပြောကြားလိုက်ပါတယ်။

မော်စကိုမြို့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ လာဗ် ရော့ဗ်က ပြောရာမှာ ဆီးရီးယားက သွေးထွက်သံယိုမှုတွေ အဆုံးသတ်သွားအောင် အစိုးရနဲ့ သူပုန်တွေ အတူ လုပ်ဆောင်ရမယ် ဆိုတဲ့ အချက်ကို အမေရိကန်နဲ့ ရုရှား နှစ်ဖက်လုံးက သဘောတူတယ်လို့ ဆိုပါတယ်။

ဒီညီလာခံကို တက်နိုင်သမျှ အစောဆုံး ၊ အခုလ ကုန်ပိုင်းလောက်မှာ လက်တွေ့ကျကျ ကျင်းပ လုပ်ဆောင် သွားမယ်လို့ မစ္စတာ ကယ်ရီက ပြောပြီး အဲဒီကတဆင့် ကြားဖြတ် အစိုးရ ဖွဲ့နိုင်လိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။

တခါ ဆီးရီးယားဟာ အစ္စရေးကို ရင်ဆိုင် နိုင်စွမ်း ရှိပါတယ်လို့ သမ္မတ ဘတ်ရှား အယ် အာဆက်ဒ်က ပြောကြားလိုက်ပါတယ်။

အခု သီတင်းပတ် အတွင်း ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့နားကို အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒါဟာ မစ္စတာ အာဆက်ရဲ့ ပထမဆုံး လူသိရှင်ကြား ပြောကြားမှု ထွက်ပေါ်လာတာပါ။

ဒါပေမယ့် မစ္စတာ အာဆက်ဒ်က လက်တုန့်ပြန်မယ့် အကြောင်းတော့ သူ့ရဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ မပြောသွားခဲ့ပါဘူး။

အစောပိုင်းတုန်းကတော့ မစ္စတာ အာဆက်ဒ်ဟာ အီရန် နိုင်ငံခြားရေး ဝန်ကြီး အလီ အက္ကဘာ ဆာလီဟီနဲ့ တွေ့ဆုံခဲ့ပြီး အစ္စရေးဟာ ဒေသတွင်း လုံခြုံရေးကို ထိပါးဖို့ ကြိုးစားလာရင် ဆီးရီးယား ကို အီရန်က ထောက်ပံ့ကူညီမယ်လို့ မစ္စတာ ဆာလီဟီက ပြောပါတယ်။

အစ္စရေး အရာရှိတွေကတော့ ဒီလေကြောင်း ပစ်ခတ် မှုတွေဟာ အီရန်ရဲ့ လက်နက်တွေ ဆီးရီးယား ကတဆင့် လက်ဘနွန်က ဟဇ်ဘိုလာ အဖွဲ့တွေဆီ ပို့ဆောင်နေတာကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။