အိုဟိုင်းယိုး ပြန်ပေးဆွဲမှု စွဲချက်တင်

cleveland
Image caption အမျိုးသမီး ၄ ယောက်ကို ပြန်ပေးဆွဲ ချုပ်လှောင် ရာအိမ်

ကလိဗလန်း မြို့က အိမ်တလုံးမှာ အမျိုးသမီး သုံးယောက်ကို ဆယ်နှစ်ကျော် ပြန်ပေးဆွဲ ပိတ်လှောင် ပြီး အဓမ္မ ပြုကျင့်မှုတွေ အတွက် အမျိုးသား တဦးကို အိုဟိုင်းယိုး ပြည်နယ် ရဲက စွဲချက် တင်လိုက်ပါတယ်။

Amanda Berry ၊ Gina DeJesus နဲ့ Michelle Knight တို့ သုံးယောက်ကို နေအိမ်မှာ မတရား ပြုကျင့်မှု တွေနဲ့ အေရီယယ် ကက်စထရိုကို အစိုးရ ရှေ့နေက စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။

Amanda Berry ကမွေးဖွားတဲ့ ၆ နှစ် အရွယ် မိန်းကလေးငယ်ကို မွေးကထဲက ပိတ်လှောင် ပြန်ပေးဆွဲ မှုနဲ့လဲ သူ့ကို တရားစွဲ ထားပါတယ်။

သားပျက် သားလျှောမှုတွေ ဖြစ်တဲ့အထိ ဒီအမျိုးသမီးတွေကို တောက်လျှောက် အနိုင်အထက် ပြုကျင့်ခဲ့တယ်လို့ စုံစမ်းရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောကြား ပါတယ်။

အေရီယယ် ကက်စထရိုရဲ့ ညီဖြစ်တဲ့ ပေဒရို နဲ့ အွန်နီးလ် တို့ကိုလဲ ဖမ်းဆီး ထားပေမယ့် စွဲချက် မတင်သေးပါဘူး။

ဒီအမှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် အိမ်တလုံး ကိုလဲ ရဲက ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ