မန်ယူ မန်နေဂျာ ဖာဂူဆန် အနားယူတော့မယ်

  • 8 မေ 2013

အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ပူပူနွေးနွေ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းက မန်နေဂျာ ဆာ အဲလက်စ် ဖာဂူဆန်ဟာ အခု ဘောလုံးရာသီ အကုန်မှာ အနားယူတော့မှာ ဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ် ဖာဂူဆန်ဟာ မန်ယူမှာ ၂၆ နှစ်ကြာ ကြီးကြပ် တာဝန် ယူလာခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ နည်းပြ သက်တမ်းမှာ မန်ယူအတွက် ဖလား ၃၈ ခုကို ဆွတ်ခူး ပေးနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဥရောပ ချန်ပီယံစ်လိဂ် ဖလား ၂ ခုနဲ့ အင်္ဂလန်က ပရီမီးယား လိဂ် ဖလား ၁၃ ခု ပါဝင်ပါတယ်။

သူ့အနေနဲ့က အနားယူချိန် ရောက်ပြီဖြစ်လို့ နားတော့မှာ ဖြစ်တယ်၊ ဒါပေမယ့် ဒီလို ဆုံးဖြတ်ချက်ချဖို့ အတော်လည်း စဉ်းစားခဲ့ရတယ်လို့ ဖာဂူဆန်က ပြောပါတယ်။ အသင်းအတွက်လည်း အကောင်းဆုံး အနေအထား ဖြစ်အောင် လုပ်ပေးထား ခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

မြန်မာ နိုင်ငံက မန်ယူပရိသတ်တွေရဲ့အမြင်တွေ

အခုလို ဖါဂူဆန် အနားယူမှာနဲ့ပတ်သက်လို့ မြန်မာ နိုင်ငံက မန်ယူပရိသတ်တွေရဲ့အမြင်တွေကို မေးကြည့်ခဲ့ရာမှာ မန်ယူကို နှစ်ရှည်လများ အားပေးနေခဲ့ တဲ့ အသက် ၈၀ကျော် မန်ယူပရိသတ် အမျိုးသမီးကြီး တဦးက အရမ်းဝမ်းနည်းတယ်၊ မန်ယူဘောလုံးပွဲတွေမှာ အနိုင်ရလို့ ဖာဂူဆန် ပျော်တာမြင်ရင် ကိုယ်လဲ ထခုန်ချင်ခဲ့တယ်၊ မန်ယူနဲ့ ဖာဂူဆန်ဟာ ဒွန်တွဲနေတာပါ၊ ဖာဂူဆန်မရှိရင် မန်ယူအသက်မဝင်သလို ဖြစ်သွားလိမ့်မယ် လို့ ပြောခဲ့ပါတယ်။

သိတတ်စကတည်းက မန်ယူကို အားပေးလာခဲ့တဲ့ လူငယ်တဦးကလည်း ဘောလုံးပွဲကို စကြည့်ကတည်းက မန်ယူကို အားပေးခဲ့တာ၊ မန်နေဂျာဆိုလို့ ဖာဂူဆန် တယောက်တည်းကို သိခဲ့ရတာ၊ တခြားမန်နေဂျာဆို လူလို့တောင်မထင်တော့ဘူးလို့ ပြောပါတယ်။

မန်ယူကို ၁၀ နှစ်ကျော် အားပေးလာတဲ့ အမျိုးသမီးငယ်ကလေးကလည်း ဆုံးရှုံးမှုတခုလို့ ခံစားရပြီး စိတ်မကောင်း ဖြစ်မိပါတယ်လို့ ဆိုပါတယ်။

မန်ယူအတွက် ဖါဂူဆန် ဘာတွေ စွမ်းဆောင်ပေးခဲ့ပါသလဲ

အခုအခါ အသက် ၇၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မန်ယူ မန်နေဂျာ Alex Ferguson ဟာ အင်္ဂလိပ် ဘောလုံး လောကမှာ အအောင်မြင်ဆုံး ဘောလုံး မန်နေဂျာလို့ သတ်မှတ်ခံရသူ ဖြစ်ပါတယ် ။ သူမန်နေဂျာ အဖြစ် တာဝန်ယူနေတဲ့ မန်ချက်စတာ ယူနိုက်တစ် အသင်းဟာ ၂၀၁၁ ၂၀၁၂ ဘောလုံး ရာသီအတွင်းမှာ အသင်းရဲ့ ရံပုံငွေ စတာလင် ပေါင် ၁၄ ဒဿမ ၂ သန်းကနေ ၁၁၇ဒဿမ ၆သန်းအထိ တိုးသွားခဲ့ပြီး ပရီမီယာလိဂ် ဘောလုံးအသင်းတွေထဲမှာ ရံပုံငွေ အများဆုံး အသင်း ဖြစ်သွားခဲ့ပါတယ်။ စကော့တစ်ရှ် လူမျိုး အဲလက်စ် ဖါဂူဆန်ဟာ သင်္ဘောကျင်းတခုမှာ အလုပ်သင်အဖြစ် အလုပ်လုပ်ရင်း က အသက်၁၆နှစ် အရွယ်က စလို့ Queen's Park ဘောလုံး အသင်းမှာ တိုက်စစ်မှူးအဖြစ် ကစားပြီး ဘောလုံးလောကထဲ ဝင်လာခဲ့တာပါ။ ဒါပေမယ့် သူ့ကို လူတွေ စသတိထားမိလာတာကတော့ စကော့တစ်ရှ် ဘောလုံး အသင်းတသင်း ဖြစ်တဲ့Aberdeen ဘောလုံးအသင်းရဲ့ မန်နေဂျာ အဖြစ် လုပ်ခဲ့ချိန်ကစလို့ ဖြစ်ပါတယ်။

Aberdeen ဘောလုံးအသင်းကို မန်နေဂျာ အဖြစ် ကြီးကြပ်စဉ်မှာ စကော့တစ်ရှ် ချန်ပီယံ ဆု ၃ခု၊ စကော့တစ်ရှ် ဖလား ၄ခု၊ အဖွဲ့ချုပ်ဖလား တခု၊ ဥရောပ ချန်ပီယံ ဖလားတခု ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၆ ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တစ် အသင်းရဲ့ မန်နေဂျာအဖြစ် တာဝန်လွှဲပြောင်းယူခဲ့တာပါ။

အဲလက်စ် ဖာဂူဆန် မန်နေဂျာ ဖြစ်လာပြီးတဲ့နောက် အဲဒီအချိန်က ပရိမိယာလိဒ်မှာ အောက်ဆုံးအဆင့်နားလောက်မှာ ရောက်နေတဲ့ မန်ချက်စတာ ယူနိုက်တစ် အသင်းကို သူမန်နေဂျာတာဝန်ယူစဉ် ၂၆ နှစ်တာ ကာလအတွင်း ပရဲမီယာ လိဂ် ဆု ၁၃ဆု၊ FA ဖလားဆု ၅ဆု၊ အဖွဲ့ချုပ် ဖလားဆု ၄ဆု၊ ချန်ပီယံစ် လိဂ် ဆု၂ဆု အပါအဝင် ဆုတွေ တသီကြီး ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ဖါဂူဆန် နောက်ဆုံးမန်နေဂျာ အဖြစ် တာဝန်ယူရမယ့် ပွဲကတော့ မေလ ၁၉ ရက်နေ့ ပရိမီယာလိဒ် နောက်ဆုံပွဲစဉ်ဖြစ်တဲ့ West Brom နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တစ် မန်နေဂျာအဖြစ် အကြိမ် ၁၅၀၀မြောက် ပွဲစဉ်လည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲလက်စ် ဖာဂူဆန်ဟာ မန်ယူအသင်းကနေ လုံးဝ ခြေစုံပစ် နှုတ်ထွက်သွားမှာတော့ မဟုတ်သေးပါဘူး။ မန်ချက်စတာ ယူနိုက်တစ် အသင်းရဲ့ ညွှန်ကြားရေးမှူးတဦး အဖြစ်ရော အသင်းရဲ့ ဘောလုံးသံတမန် အဖြစ်နဲ့ပါ ဆက်ဆောင်ရွက်သွားမှာမို့ မန်ယူအသင်းရဲ့ တစိတ်တနေရာမှာ ရှိနေအုံးမှာ ဖြစ်ပါတယ်။

အားကစားကလောင်ရှင် ခင်မောင်ထွေး ပျဉ်းမနားရဲ့ သုံးသပ်ချက်

ဖာဂူဆန်ဟာ နည်းပြမာန ရှိသူဖြစ်ပါတယ်။ ဒေးဗစ်ဘက်ကန် နဲ့ ပြသနာဖြစ်ခဲ့စဉ်က ဖာဂူဆန်အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ အသုံးအမှုန်းမျိုးသုံးခဲ့ဘူးသူဖြစ်တယ်။

ဖြစ်ချင်တာကို ရအောင်ကျင့်သုံးခဲ့သူလည်းဖြစ်တယ်။ နည်းပြအဖြစ် လူသုံးတာတွေကောင်းတယ်၊ လိုချင်တဲ့ ဘောလုံးသမားကို ရအောင်ယူနိုင်တယ်။ ကစားကွင်းထဲတင်မက ကစားကွင်းပြင်ပက ဘောလုံးသမား အရွေ့အပြောင်း အထိန်အသိမ်း ကောင်းသူ ကျွမ်းကျင်သူဖြစ်တယ်လို့ ဆရာဦးခင်မောင်ထွေး ပျဉ်းမနားက သုံးသပ်ပါတယ်။

ဖာဂူဆန်ရဲ့နေရာကို ဘယ်သူဆက်ခံမလဲဆိုတာနဲ့ပတ်သက်လို့တော့ Real Madrid က မန်နေဂျာ Jose Mourinho လာမယ်လို့ကြားနေပေမယ့် သူကလည်း ချဲဆီးကို သွားမယ်လို့ပြောနေတယ်။ သူ့ခြေရာ နင်းနိုင်မယ့်လူကို မန်ယူအနေနဲ့ ခက်ခက်ခဲခဲ ရှာရမယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ Mourinho အပြင် Everton မန်နေဂျာ David Moyes နဲ့ ဥရောပ ချန်ပီယံလိဂ် ဖိုင်နယ်ကိုတက်သွားတဲ့ Borussia Dortmund အသင်းမန်နေဂျာ Jurgen Klopp တို့ မန်ယူမန်နေဂျာ ဖြစ်လာနိုင်တယ်လို့ ဘီဘီစီ အားကစားသတင်းထောက်က ထင်ကြေးပေးထားပါတယ်။