အာဖရိက ဆင်းရဲမှု မမှန်မကန်လုပ်မှုတွေနဲ့လည်း ဆိုင်

Africa
Image caption လုပ်ငန်းကြီးတွေ အခွန်ရှောင်မှုကလည်း ဆင်းရဲတွင်း နက်စေတယ်လို့ ဆိုပါတယ်။

အာဖရိကတိုက်မှာ ပွင့်လင်းမြင်သာမှု မရှိတဲ့ မိုင်းတွင်း စာချုပ် ချုပ်ဆိုမှုတွေ၊ မမှန်မကန် ငွေကြေး လွှဲပြောင်းမှုနဲ့ အခွန်ရှောင် မှုတွေကြောင့် နှစ်စဉ် ဒေါ်လာ ၃၄ ဘီလျံ လောက် နစ်နာနေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီ အာနန်က ပြောဆို လိုက်ပါတယ်။

ဒီလို ယိုပေါက်တွေကနေ ဆုံးရှုံးရတဲ့ အခွန်ပမာဏဟာ ဟာ အလှူရှင် နိုင်ငံတွေဆီက နှစ်စဉ် ရရှိနေကျ အကူအညီ ထောက်ပံ့မှုတွေရဲ့ ၂ ဆ လောက် ရှိတယ်လို့ ကိုဖီ အာနန်က အာဖရိက တိုးတက်ရေး အစီရင်ခံစာမှာ ပြောဆို ခဲ့ပါတယ်။

မိုင်းတွင်းတွေကို အဖိုးနှုန်း ချိုချိုချောင်ချောင်နဲ့ ရောင်းချခဲ့တဲ့ ဒီမိုကရက်တစ် ကွန်ဂိုလို နိုင်ငံမျိုးဟာ မိခင်တယောက် အတွက် အဆိုးရွားဆုံး နေရာ အဖြစ် ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့က ဒီအပတ်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ကွန်ဂို သတ္တုတွင်း ဝန်ကြီးကတော့ မိုင်းတွင်း လုပ်ငန်းတွေကြောင့် တိုင်းပြည်မှာ ဘာမှ နစ်နာ ဆုံးရှုံးမှု မရှိဘူးလို့ ငြင်းဆိုပါတယ်။

ဒီပြဿနာတွေက အာဖရိက ကွက်ကွက်လေးတင် ဖြစ်နေတာ မဟုတ်ဘဲ ကမ္ဘာနဲ့ပါ ဆိုင်နေတဲ့ အတွက် G8 လို ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေ နဲ့အတူ လက်တွဲ ဖြေရှင်းသွားဖို့ လိုအပ်ပြီး ချမ်းသာတဲ့ နိုင်ငံကြီးတွေ အနေနဲ့လဲ အာဖရိက တိုင်းပြည်တွေရဲ့ အုပ်ချုပ်ပုံ စနစ် ကောင်းမွန် တိုးတက်ရေး အတွက် ပွင့်လင်း မြင်သာမှုနဲ့ အခွန်ကောက်ခံမှု နည်းကောင်း စနစ်ကောင်းတွေ မျှဝေသင့်တယ်လို့ မစ္စတာ အာနန်က ပြောကြား ပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေမှာ အခွန်ရှောင်မှုတွေကြောင့် အခွန်ဘဏ္ဍာ နစ်နာရုံသာ ရှိပေမယ့် အာဖရိကမှာတော့ အမျိုးသမီးနဲ့ ကလေးတွေရဲ့ ဘဝတွေကိုပါ ထိခိုက်နေတာမို့ လူဆင်းရဲတွေ လက်ထဲက ထမင်းလုပ်ကို လုစားသလိုပဲ လို့ ကိုဖီအာနန်က ဆိုပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်ဖို့ စရိတ်စကတွေ သက်သာအောင် လုပ်တတ်တဲ့ အရင်းအမြစ် ကြွယ်ဝတဲ့ နိုင်ငံတွေ အနေနဲ့ အခွန်စနစ်ကို အမြန်ဆုံး ပြန်လည် သုံးသပ်ဖို့ လိုနေပြီလို့ အစီရင်ခံစာက ထောက်ပြ ထားပါတယ်။

ဇမ်ဘီယာ နိုင်ငံမှာတော့ ၄ နှစ်အတွင်း ကြေးနီ မိုင်းတွင်း လုပ်သားတွေ ပေးဆောင်ရတဲ့ အခွန် ရာခိုင်နှုန်းက နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေက ပေးရတဲ့ နှုန်းထက်တောင် ပိုများနေတယ်လို့ အစီရင်ခံစာက ဖော်ပြ ထားပါတယ်။

ဒီအစီရင်ခံစာကို ကိုဖီအာနန်နဲ့ အတူ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ ဇနီး Graca Machel ၊ နိုင်ဂျီးရီးယား သမ္မတဟောင်း Obasanjo စတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ် ၁ဝ ယောက် ပါဝင်တဲ့ အဖွဲ့ ကနေ နှစ်စဉ် မေလမှာ ထုတ်ပြန်နေကျ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ