ပါကစ္စတန် ရွေးကောက်ပွဲစတင်ကျင်းပ

ပါကစ္စတန်ရွေးကောက်ပွဲ အမတ်လောင်းများ
Image caption ပါကစ္စတန်ရွေးကောက်ပွဲ အမတ်လောင်းများ

ပါကစ္စတန် အမျိုးသားလွှတ်တော်နဲ့ ပြည်နယ် ၄ခုကဥပဒေပြု လွှတ်တော်အတွက် မဲပေးမယ့် လူပေါင်း ၈၆သန်း မှတ်ပုံတင်ထားပါတယ်။ မဲဆန္ဒရှင်အချို့က တာလီဘန်တွေဘက်က နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှာ ကိုကြောက်လို့ မဲမပေးဝံ့ဘူးလို့ ဆိုနေကြပါတယ်။ အစ္စလမ် ဘာသာရေးနဲ့ မကိုက်ညီဘူးဆိုပြီး မဲဆွယ်ပွဲကာလ အတွင်းတိုက်ခိုက်မှုတွေအတွက် သူတို့လုပ်တာလို့ တာလီဘန်ဘက်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း လူရာချီပြီးသေဆုံးခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ အကြမ်းဖက်မှုတွေ ရှိနေပေမယ့် ပါကစ္စတန်နိုင်ငံကို အပြောင်းအလဲ လုပ်ချင်တဲ့အတွက် အများစုကတော့ မဲပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ခရစ်ကစ်သမားကနေ နိုင်ငံရေး သမားဖြစ်လာတဲ့ Imran Khanရဲ့မဲဆွယ်ပွဲတွေမှာ လူအုပ်ကြီး တိုးနေတာတွေ့ရလို့ သူ့ပါတီကို လူကြိုက်များ တယ်ဆိုတာ မြင်တွေ့နေရပါတယ်။ လက်ရှိဝန်ကြီးချုပ် Nawaz Sharifကလည်း သူပြန်အနိုင်ရပြီး တတိယအကြိမ် ဝန်ကြီးချုပ် ဖြစ်နိုင်မယ်လို့မျှော်လင့်နေပါတယ်။ ညွန့်ပေါင်းအစိုးရကို ခေါင်းဆောင်တဲ့ နှုတ်ထွက်တော့မယ့် ပီပီပီ ပါကစ္စတန် ပြည်သူ့ပါတီကို အစဉ်အလာအားဖြင့် ထောက်ခံမှု ရနေတာဟာ အစမ်းစစ်တမ်း အတော်များများအရ ထောက်ခံမှု ဆက်ရမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ကနေ့စမယ့် ရွေးကောက်ပွဲဟာ ပါကစ္စတန်မှာ ခန့်မှန်းလို့အခက်ဆုံး ရွေးကောက်ပွဲဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကြီးကြပ်ပေးမယ့် အိမ်စောင့်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီး Arif Nizamiကတော့ အကြမ်းဖက်မှုဟာ စိုးရိမ်စရာဖြစ်နေတယ်လို့ မဲပေးမယ့် အကြိုနေ့က ထုတ်ဖေါ်ပြောပါတယ်။ ဒါပေမယ့်အကြမ်းဖက်သမားတွေဟာ သူတို့မျှော်မှန်းချက် မအောင်မြင်ဘူးလို့သူက ဆက်ပြောပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ဘာသာရေးအခြေခံတဲ့ နိုင်ငံဖြစ်ဖို့ ရည်ရွယ်ပြီး အမတ်လောင်းတွေကိုသုတ်သင်ဖို့ ကြိုးစားနေမှုကို ချေဖျက်ပြီးရွေးကောက်ပွဲဆက်လုပ်နိုင်ပါ့မလားလို့စိုးရိမ်နေရာကနေ အခု ရွေးကောက်ပွဲ လုပ်နိုင်တာဟာ အကြမ်းဖက် သမားတွေထင်သလို ဖြစ်မလာတာဘဲလို့ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ