ပါကစ္စတန် ရွေးကောက်ပွဲ ဒေသတွင်း တုံ့ပြန်

pakistan election
Image caption နိုင်ငံရေး ပြန်လည် စန်းထလာတဲ့ နာဝပ်ဇ်ရှရစ်ဖ်

မွတ်ဆလင် အဖွဲ့ချုပ် ခေါင်းဆောင် နာဝပ်ဇ် ရှရစ်ဖ် ခေါင်းဆောင်ပြီး ဖွဲ့နိုင်ခြေ များတဲ့ ပါကစ္စတန် အစိုးရသစ် အပေါ် ဒေသတွင်း ခေါင်းဆောင်တွေက မျှော်လင့်ချက် တွေ ထားခဲ့ကြပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းက မစ္စတာ ရှရစ်ဖ် အပြတ်အသတ် အနိုင်ရမှု အတွက် ဂုဏ်ပြု ချီးကျူး ခဲ့ပါတယ်။

သူတို့ ၂ ဦး ပူးတွဲပြီး အိန္ဒိယ ပါကစ္စတန် ဆက်ဆံရေး လမ်းကြောင်းသစ် ရေးဆွဲနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြား ခဲ့ပြီး အိန္ဒိယကို မစ္စတာ ရှရစ်ဖ် လာရောက် လည်ပတ်ဖို့ ဖိတ်ကြား ခဲ့ပါတယ်။

အာဖဂန် သမ္မတ ကာဇိုင်းကတော့ အကြမ်းဖက်မှု ရေသောက်မြစ် တွေကို သုတ်သင်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက် သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြား ပါတယ်။

ပါကစ္စတန် ရွေးကောက်ပွဲ ဟာ နိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး အတွက် မှတ်ကျောက် သဖွယ် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ချီးကျူး ပြောဆို ခဲ့ပါတယ်။

အစိုးရသစ် ဖွဲ့စည်းရေး အတွက် မစ္စတာ နာဝပ်ဇ် ရှရစ်ဖ် ပါတီ လုပ်ဖော် ကိုင်ဘက် တွေနဲ့ တနေ့လုံး တွေ့ဆုံ ခဲ့ပါတယ်။

ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ်က အပြတ်အသတ် အစိုးရ ဖွဲ့နိုင်တော့မယ်လို့ တရားမဝင် ရလဒ်တွေက ဆိုနေပေမယ့် တခြား ပါတီတွေရဲ့ ထောက်ခံမှု ရဖို့လဲ လိုကောင်း လိုနိုင်ပါတယ်။

၁၉၉၉ က စစ်အာဏာသိမ်းမှုနဲ့ ဖယ်ရှား ခံခဲ့ရပြီး ပြည်ပြေး ဘဝနဲ့ ၇ နှစ် နေခဲ့ရတဲ့ မစ္စတာ ရှရစ်ဖ် အဖို့ ခုလို တတိယ အကြိမ် ဝန်ကြီးချုပ် ပြန်ဖြစ်လာဖို့ ဆိုတာဟာ ရာဇဝင်တွင်လောက်တဲ့ နိုင်ငံရေး ပြန်လည် စန်းထမှုပဲ ဖြစ်ပါတယ်။

ဒုတိယ နေရာက လိုက်နေတဲ့ တရားမျှတရေး လှုပ်ရှားမှု ပါတီ ခေါင်းဆောင် ခရစ်ကတ် ကစားသမားဟောင်း Imran Khan ကတော့ အတိုက်အခံ နေရာက မှန်မှန်ကန်ကန် ရပ်တည် သွားမယ်လို့ ကတိပြု ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ