တူရကီ နယ်စပ် မြို့မှာ ကားဗုံးခွဲ တိုက်ခိုက်ခံရ

turkey
Image caption ကားဗုံး ၂ လုံး က ၁၅ မိနစ် စီလောက် ခြားပြီး ပေါက်ကွဲ ခဲ့

စနေနေ့ က ကားဗုံး ၂ လုံး ခွဲပြီး တိုက်ခိုက်တာ ခံရတဲ့ အတွက် ဆီးရီးယား နဲ့ နယ်စပ်ချင်း ထိ နေတဲ့ တူရကီ ဘက်ခြမ်း က ရေဟန်လီ မြို့မှာ လူပေါင်း အနည်းဆုံး ၄၃ ဦး သေဆုံး သွားပါတယ်။

နောက်ထပ် လူ ၁၀၀ ကျော် လည်း ဒဏ်ရာရရှိ ထားပါတယ်။

ဆီးရီးယား မှာ ဖြစ်နေတဲ့ စစ်ပွဲမှာ အတိုက်အခံ တပ်ဖွဲ့ တွေ ဘက်က ရပ်တည် ထောက်ခံနေတဲ့ တူရကီ နိုင်ငံ က ဒီ ဗုံးခွဲတိုက်ခိုက်မှု ဟာ ဆီးရီးယား ထောက်လှမ်းရေး တွေရဲ့ လက်ချက် ပဲ လို့ စွပ်စွဲ ထားပါတယ်။

ဒီ ရေယန်လီ နယ်စပ် မြို့လေး ကို ဆီးရီးယား က သူပုန်တွေ ဝင်လာတာ လည်းရှိ သလို ဆီးရီးယား က ထွက်ပြေးလာတဲ့ ဒုက္ခသည် တွေ လည်း ဝင်လာနေတာ ပါ။

ဆီးရီးယား ဒုက္ခသည် တွေလည်း လက်ခံ ထားလေ့ ရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။

အခု ဗုံးကွဲတာတွေ ဖြစ်ပြီးတဲ့ နောက်မှာ တော့ မြို့ခံတွေ က မြို့တွင်း မှာရှိတဲ့ ဆီးရီးယား မှတ်ပုံတင်နံပတ်ပြား တွေ တပ်ထားတဲ့ မော်တော်ကားတွေ ကို ထုရိုက် ဖျက်ဆီး ကြသလို တချို့ ကလည်း ဆီးရီးယား က ရောက် လာတဲ့ ဒုက္ခသည် တွေ ကို ရန်ပြု တိုက်ခိုက်ကြပါတယ်။

မြို့က လူတွေ ဟာ ပူဆွေးမှုတွေ ဒေါသတွေ နဲ့ ဆူပွက် နေဆဲပါ။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး က တူရကီရဲ့ အင်အား ကို ဘယ်သူမှ လာစမ်း လို့ မရပါဘူး၊ ငါတို့ လုံခြုံရေး တပ်ဖွဲ့တွေ က ချက်ချင်း အရေးယူ ဆောင်ရွက် မယ်လို့ တုံပြန် ကြိမ်းဝါးလိုက် သလို ဆီးရီးယား အကြပ်အတည်း အရေး ကို ဖြေရှင်း ပေး လိုတဲ့ သူတို့ရဲ့ အာရုံစိုက်မှု ကို လမ်းကြောင်း လွှဲလို တဲ့ စိတ် နဲ့ လာလုပ်ကြတာ လို့ လည်း ပြောဆို နေပါတယ်။

ဒီနယ်စပ် မြို့နား မှာ တိုက်ခိုက် ခံရမှု တွေ က အရင် ကလည်း ရှိခဲ့ ပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတွင်းမှာ ပဲ ဗုံးခွဲ တိုက်ခိုက်မှုတခု ကြောင့် လူ ၁၇ဦး သေဆုံး ပြီး နောက်ထပ် လူ ၃၀ လောက် ဒဏ်ရာ ရ ခဲ့ ဘူး ပါတယ်။

အခု နောက်ဆုံး တိုက်ခိုက်မှု အတွက် အမေရိကန် ဗြိတိန် စတဲ့ နိုင်ငံ တွေ က ပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်သလို တူရကီ က ပြည်သူတွေ နဲ့ သွေးစည်း ညီညွတ်စွာ သူတို့ရှိနေကြောင်း သဘောထားတွေ ကို ထုတ်ဖော် ပြောဆို နေကြ ပါတယ်။